Today:

SEARCH

Monday, July 21, 2008


အခြေအနေနဲ့အချိန်အခါ

'' ကဲ-လွတ်လွတ်လပ်လပ်ပဲ- မင်းတို့တစ်တွေ ရောင်းချင်တာရောင်း၊ ၀ယ်ချင်တာဝယ်- လွတ်လွတ် လပ်လပ် ရောင်းဝယ် ဖောက်ကားကြတော့-ငါတို့က ဘာမှမကန့်သတ်တော့ဘူး'' လို့ ကြေငြာလိုက်မယ်ဆိုရင် ဘာတွေဖြစ်မလဲ။ အဲဒီလို လုပ်လိုက်ရင် အကောင်းတွေချည်းဖြစ်လာ မယ်။ နိုင်ငံခြားဖြစ်ပစ္စည်းတွေ ပြည်တွင်းမှာ လွတ်လွတ်လပ်လပ် ၀ယ်ယူ သုံးစွဲလို့ရသွားမယ်။ မိမိနိုင်ငံက ကုန်ပစ္စည်းတွေလည်း နိုင်ငံခြားတိုင်းပြည်တွေကို လွတ်လွတ်လပ်လပ် တင်ပို့ပြီး ကြွယ်ဝချမ်းသာလာမယ်။ ဒီလိုမျိုးအကောင်းတွေချည်းဖြစ်လာမယ်လို့------- ဘယ်စီးပွားရေးသမား ကအာမခံ နိုင်သလဲ။ခုချိန်မှာ ပြည်တွင်းက စိုက်ပျိုးထုတ်လုပ်နေတဲ့ အစားအစာတွေကို လွယ်ကူစွာ ၀ယ်ယူ စားသောက်နေနိုင်တယ်နော်။ စောစောကပြောသလိုသာလွတ်လပ်စွာဝယ်ခွင့်၊ ရောင်းခွင့် ပေးလိုက်ရင်--- လူဦးရေသန်းထောင်နဲ့ချီ ရှိနေတဲ့ နိုင်ငံတွေဝန်းရံထားတဲ့ မြန်မာနိုင်ငံထဲကြိုက်ဈေး တွေပေးပြီး ၀ယ်ယူသွားကြရင်--- ချမ်းသာသွားမယ့်သူတွေ ဘယ်လောက်ရှိပြီး--စားစရာ ပြတ်လပ် သွားမဲ့သူတွေ ဘယ်လောက်ရှိမလဲ စဉ်းစားရအောင်။ ကဲ--- နိုင်ငံတော် အကျိုးစီးပွားဆိုတာ --မြင်ပြီလား။
ကမ္ဘာမှာ ကြွယ်ဝချမ်းသာပါတယ်ဆိုတဲ့ အမေရိကန်လို နိုင်ငံကြီးကတောင်မှ ဘယ်ပစ္စည်း တွေဆိုရင် တင်သွင်းခွင့်ပေးမယ်။ ဘယ်လောက်ပဲတင်သွင်းခွင့်ပေးမယ်။ ဘယ်ပစ္စည်းတွေဆိုရင် ဘယ်လောက် ပဲတင်ပို့ခွင့်ပြုမယ်။ စသည်ဖြင့်တော့ကန့်သတ်နေရတာရှိတာပေါ့။ အမျိုးသားအကျိုး စီးပွားဟာကိုး။
ဂျပန်နိုင်ငံမှာ စိုက်ပျိုးတဲ့သူတွေဆိုရင် နိုင်ငံတော်က ပံ့ပိုးမှုတွေပေးပြီး စိုက်ပျိုးမှုတွေ ဆက်လက် လုပ်စေရတယ်။ ဒါဟာလည်း အခြေအနေတစ်ရပ်ရပ်ကြောင့် စားစရာဝယ်မရခဲ့ရင်--ဆိုတာ စဉ်းစားထားတဲ့ အမျိုးသားအကျိုးစီးပွားအတွက်ပေါ့။ အဲဒီတော့ ချင့်ချိန်ရတာပေါ့နော်။
မိသားတစ်စုတည်းမှာပဲကြည့်ပေါ့ဗျာ။ နေ့စဉ်စားဖို့အတွက် ကုန်ကျတာရှိမယ်။ အ၀တ်အစား အသုံး အဆောင်တွေရှိမယ်။ စိတ်အပန်းဖြေစရာ လိုအပ်ချက်တွေရှိမယ်။ အဲဒါကိုတစ်လလုံးလုံးဘာမှ မစားဘဲအ၀တ်အစား ချည်းဝယ်ဝတ်လို့ဖြစ်မလား၊ အပျော်အပါးချည်းပဲလုပ်နေလို့ဖြစ်မလား---နော်။
အဲဒီသဘောတရားနဲ့ကြည့်ရင် တစ်မျိုးသားလုံးအတွက် လိုအပ်တာတွေကိုတောင်မှ အရေးတကြီး လိုအပ် တာနဲ့-သာမန်လိုအပ်တာ၊ စဉ်းစားချင့်ချိန်ပြီး ၀ယ်ခွင့်မပေးသင့်တာတွေရွေးချယ်ရမယ်ပေါ့။ အဲ---တစ်ခုပဲရှိတာက အဲဒီလိုကန့်သတ်ပိုင်ခွင့်ကိုပဲ မှန်မှန်ကန်ကန်အသုံးပြုဖို့၊ ကိုယ်ကျိုးစီးပွား တစ်ခုတည်းကြည့်ပြီး မမှန်မကန်တာတွေ မလုပ်ဖို့ လိုတာပေါ့။ ကိုယ့်ကိုကိုယ် မှန်ထဲပြန်ကြည့်ရဲဖို့ လိုတာပေါ့နော်---။
တစ်ခုက ပုံတူကူးတာ။ အောင်မြင်နေတဲ့နိုင်ငံတွေကို ကြည့်ပြီး ကိုယ့်ကိုယ်ကို--ကိုယ့်ဝန်းကျင်ကို အားမရတာကတော့လူတိုင်းပေါ့။ တစ်ခုတော့ရှိတယ်။ အဲဒီလိုဖြစ်လာအောင် အဲဒီနိုင်ငံတွေ ဘယ်လို ရုန်းကန်ခဲ့ရတယ် ဆိုတာ၊ ဘယ်လိုမှားခဲ့ဘူးတယ်ဆိုတာကို မြင်တတ်တဲ့သူ-မြင်နိုင်တဲ့လူဖြစ်မှ အမြင်ကျယ်မယ်။ ပုံတူကူးတာဟာ အချိန်အခါ၊ အခြေအနေ၊ ပတ်ဝန်းကျင် အားလုံး ထည့်သွင်းစဉ်းစားရမယ်၊ ပြောရရင် လူတွေရဲ့ စိတ်ဓာတ်အခြေ အနေတွေကိုရောဆိုတာ--မြင်ရမှာ။
တရုတ်နိုင်ငံကြီး ယနေ့အောင်မြင်ပြီး ကြွယ်ဝချမ်းသာနေတာကိုတော့ အားကျမှာပေါ့-ဒါလူတိုင်းရဲ့ ဆန္ဒ ပဲလေ။ ဒါပေမယ့် တစ်ချိန်က ဆန္ဒစောပြီး ဆောင်ရွက်ချက်မှားခဲ့လို့ ပြည်သူသန်း ၃၀ လောက် ငတ်ပြီး သေခဲ့ဖူးတယ်ဆိုတာ ယနေ့လူတွေမေ့နေလောက်ပါပြီ။ ဒါဟာကြီးမားတဲ့ ပေးဆပ်မှုကြောင့် ပြုပြင်ရမဲ့အချက်တွေ ပိုမြင်ခဲ့တယ်ဆိုရင် မငြင်းနိုင်ဘူးပေါ့။ တစ်ခုရှိတာက ခုအချိန်အခါဟာ ယခင်တုန်းကအခြေအနေတွေထက် ပိုသိမ်မွေ့တယ်၊ ပိုခက်ခဲတယ်၊ ပိုပြီး စိန်ခေါ်မှု တွေများတယ်ဆိုတာကိုတော့သိထားသင့်ပါတယ်။ဒီတော့မျက်စိကျယ်ကျယ်ဖွင့်ပြီး သေသေချာချာ တော့စူးစမ်းလေ့လာ သင့်တယ်။ အကောင်းလိုချင်ရင် အချိန်နည်းနည်းပေးရမယ်။ အကောင်း ဆုံးဖြစ်ဖို့ဆိုရင်အချိန်များများပိုပေးရမယ်။ဒါဟာလည်း ကုန်ဆုံးခဲ့တဲ့အချိန်တွေကပေးတဲ့ သင်ခန်းစာ တွေမို့-- နောက်တစ်ခါမမှားရအောင်-- စနစ်တကျ၊ အချိန်ယူ၊ သေချာအောင်လုပ်ဖို့ သိပ်လို တာပေါ့နော်

ယုံချင်ယုံ မယုံချင်နေ

ယနေ့မြန်မာပြည်၏ အခြေအနေအမှန်များကို သိမြင်စေလိုသော စေတနာ၊ ဆန္ဒ၊ အာသီသဖြင့် တရားနည်းလမ်းကျကျ ရေးသားဖော်ပြရခြင်းဖြစ်ပါတယ်။ အမှန်ကို မြင်ရန်အတွက် အမြင်မှန်ရှိဖို့ လိုအပ် ကြောင်းကိုလည်း ထောက်ပြဆွေးနွေးလိုပါတယ်။ စာရေးသူကအမှန်ကို သိမြင်စေလိုသောသူများမှာအမှား ကိုသိမြင်နေသူများပင်ဖြစ်ပါတယ်။ ထိုသူတို့ကိုထပ်မံသရုပ်ခွဲရပါမူ အမှန်ကိုမသိမြင်သော၊ အမှားကိုသိမြင် နေသော၊ အမြင်မှန်မရှိသောသူများပင် ဖြစ်ပါတော့၏။

မသိတာထက်ခက်တဲ့အရာ

ဒီနေရာမှာ ဆိုရိုးစကားတစ်ခုနဲ့ စလိုက်ချင်ပါတယ်။ အဲဒါကတော့ ''မရှိတာထက် မသိတာခက်'' ဆိုတာပါပဲ။ ဒါကို လူတိုင်းလက်ခံထားကြပါတယ်။ လူတိုင်းဆက်မတွေးတောတဲ့အပိုင်းကိုလည်း ဆက်ပြော ပါရစေ။ မသိတာထက်ခက်တဲ့အရာကိုပြောချင်တာပါ။ မသိတာထက်ခက်တာကတော့ သိထားတဲ့ အသိက မှားနေခြင်း ပါပဲ။ ဒါ့ကြောင့် ''မသိတာထက်အမှားကို သိနေခြင်းက ပို၍ခက်'' ဟူ၍ ဆိုစမှတ်ပြုချင်ပါတယ်။ အမှားကို သိမြင်ခြင်းဟာ အမှန်ကိုမမြင်သောကြောင့်ဖြစ်ပါတယ်။ ထိုသို့အမှန်မမြင်ခြင်းရဲ့ အဓိက ဇာတ်မြစ် မှာအမြင် မမှန်ခြင်းပင်ဖြစ်ပါတယ်။ အမြင်မမှန်ဘူးဆိုတာကလည်း ''ငါ'' စွဲ စွဲနေတဲ့အပေါ်မူတည်ပြန်ပါတယ်။ ငါပြောတာပဲ မှန်တယ်၊ မင်းပြောတာမမှန်ဘူး၊ သူပြောတာလည်းမှားနေတယ် ဆိုတဲ့သူမျိုးပါ။ တစ်ဖက် တည်းကို ကြည့်ပြီးလိုရာဆွဲ တွေးကောက်ချက်ချတာမျိုးတွေဟာလူ့အဖွဲ့အစည်းကို ညစ်နွမ်းစေပါတယ်။ စကားစပ်မိ လို့ ပုံတိုပတ်စလေးတွေပါ တစ်ခါတည်း ပြောပါရစေ။

ခွက်ထဲရှိနွားနို့တစ်ဝက်ကို သွန်ပစ်ခြင်း

ခွက်ထဲမှာ နွားနို့တစ်ဝက်ရှိတဲ့အခြေအနေကို အမျိုးမျိုးရှုမြင်ကြပါတယ်။ အကောင်းမြင်သူက ''ခွက် ထဲမှာ နွားနို့တစ်ဝက်တောင်ရှိတယ်'' လို့ပြောတယ်။ အဆိုးမြင်သမားကတော့ ''ခွက်ထဲမှာ နွားနို့တစ်ဝက်ပဲ ရှိတယ်'' လို့ဆိုပါတယ်။ လက်တွေ့ဆန်သူများကတော့ ခွက်ထဲမှာနွားနို့တစ်ဝက်ပဲရှိသည်ဖြစ်စေ၊ နွားနို့ တစ်ဝက်တောင်ရှိသည်ဖြစ်စေ အရေးမကြီးဘူး၊ ''ခွက်ထဲမှာရှိတဲ့နွားနို့တစ်ဝက်ကို သောက်လိုက်ပါ''လို့ ဆိုပြန်ပါတယ်။
ခွက်ထဲမှာ နွားနို့တစ်ဝက်ပဲရှိတယ်လို့ဆိုသူဟာ ခွက်ထဲမှာနွားနို့အပြည့်ရှိစေချင်တဲ့ စေတနာနဲ့ ဝေဖန်တာဖြစ်နိုင်ပါတယ်။ နားလည်ပေးလို့ရနိုင်ပါတယ်။ လူ့အဖွဲ့အစည်းအတွက် အကျိုးပြုမယ့်အနေ အထားကို တွေးယူလို့ရနိုင်ပါတယ်။ နွားနို့တစ်ဝက်တောင်ရှိတယ်လို့ ပြောတဲ့သူရယ်၊ နွားနို့ကို သောက် လိုက်ပါလို့ပြောတဲ့သူတွေရယ်ကတော့ အကောင်းမြင်သမားတွေဆိုတော့ အထွေအထူးပြောစရာမရှိပါဘူး။
ပြောချင်တာကတော့ အဆိုးမြင်နဲ့ဝေဖန်တာကို လက်ခံပါတယ်။ ကောင်းစေချင်လို့ဆိုတဲ့ သဘော လေးနှီးနွယ်နေနိုင်လို့ပါ။ ဒါပေမယ့် တစိုက်မတ်မတ်ကြီးကို အဆိုးမြင်ရှုထောင့်က ရေးသားဝေဖန်ပြောဆို ထုတ်လွှင့်နေတာမျိုးကတော့ မကောင်းဘူးပေါ့။ မနာလိုတဲ့သဘောတွေလား၊ မရှုစိမ့်တဲ့သဘောတွေလား၊ မစားရတဲ့အမဲ သဲနဲ့ပက်တာလား စသည်ဖြင့် တွေးတောစရာတွေ ဖြစ်လာပါတယ်။ အပေါ်မှာပြောခဲ့တဲ့ ဥပမာအရဆိုရင် နွားနို့တစ်ဝက်ပဲရှိတယ်၊ တစ်ဝက်တောင်ရှိတယ်၊ သောက်လိုက်ပါဆိုတဲ့ အမြင်၃မျိုး ရဲ့အပြင်ဘက်ကို ရောက်သွားပြီ။ ''ခွက်ထဲမှာရှိတဲ့ နွားနို့တစ်ဝက်ကို သွန်ပစ်လိုက်ပါ'' ဆိုတာမျိုး ဖြစ်သွားပြီ။ ဒါဟာ မကောင်းတဲ့ လက္ခဏာပဲ။
ဘောဂဗေဒသဘောအရ ပြောသံကြားဖူးတာရှိတယ်။ ဖိတ်သွားတဲ့နွားနို့ရဲ့အကြောင်းပါ။ ဖိတ်သွား တဲ့နွားနို့(သွန်ပစ်တဲ့နွားနို့) ကို စုန်းစုန်းမြုပ်သွားတဲ့စရိတ် (Sink Cost) လို့ခေါ်ပါတယ်။ အလကားဖြစ်သွား တဲ့၊ ပြန်ရချက်မရှိနိုင်တော့တဲ့ အသုံးစရိတ် (၀ါ) ရင်းနှီးမြှုပ်နှံမှုလို့ပြောပါတယ်။ ရေတွင်းတစ်တွင်းကို တော် တော်နက်နက်တူးပေမယ့် ရေမထွက်တာမျိုးဟာ (Sink Cost) ပါပဲ။ နွားနို့ကို သွန်ပစ်သူဟာ မိုက်မဲသူပဲ။

သားအဖနှစ်ယောက်နဲ့ မြည်းတစ်ကောင်

အများသိပြီးဖြစ်တဲ့အတိုင်းပါပဲ။ သားအဖနှစ်ယောက်နဲ့ မြည်းတစ်ကောင်ရဲ့ ဇာတ်လမ်းလေ။ သား အဖနှစ်ယောက်က လမ်းလျှောက်ပြီး မြည်းတစ်ကောင်ကို ဆွဲသွားသတဲ့။ အဲဒါကို မြင်တဲ့သူတချို့က သား အဖနှစ်ယောက်ကို ဝေဖန်တယ်။ လူနှစ်ယောက်က လမ်းလျှောက်ပြီး မြည်းကို ဒီအတိုင်းဆွဲသွားတယ်၊ ''အ'' လိုက်တာ၊ မြည်းပေါ်တက်စီးသွားပါတော့လားလို့ပေါ့။ အဲဒီလို ပြောသံကြားတော့ သားအဖနှစ်ယောက်ဟာ မြည်းပေါ်ကို တက်စီးပြီး ခရီးဆက်ကြသတဲ့။ ခပ်လှမ်းလှမ်းရောက်တော့ ဒီသားဖနှစ်ယောက်ကတော့ အကြင်နာတရားမရှိလိုက်တာ မြည်းပေါ်ကို နှစ်ယောက်စလုံးတက်စီးရတယ်လို့ အသံကြားရပြန်တယ်။ ဒါနဲ့
ဖခင်ဖြစ်သူဟာ မြည်းပေါ်ကဆင်းပြီး သားကို မြည်းပေါ်တင်ကာ ခရီးဆက်ခဲ့ပြန်ပါတယ်။ ဒီအခါမှာလည်း အပြစ်တင်မလွတ်ပြန်ဘူး။ အဖေလုပ်သူက လမ်းလျှောက်ပြီး သားကို မြည်းပေါ်တင်ပြီးသွားရတယ်လို့
ဝေဖန်ခံရတယ်။ ဒါနဲ့အဖေနဲ့သားနေရာလဲတယ်။ အဖေမြည်းပေါ်တက်၊ သားအောက်ဆင်းပြီးလျှောက်၊၊ ထုံးစံအတိုင်းပါပဲ။ အဖေလုပ်တဲ့သူက သားကို မသနားရကောင်းလားဆိုပြီး ပြောကြပြန်ပါတယ်။ ဒါဆိုရင် ဘယ်လိုဖြစ်သင့်သလဲ၊ ဘယ်လိုအဖြစ်သင့်ဆုံးလဲ စာဖတ်သူတို့စဉ်းစားဖို့လိုပါမယ်။ သားအဖနှစ်ယောက် မြည်းကို ထမ်းသွားရင် ဘယ်လိုတွေပြောကြဦးမလဲ။ ဝေဖန်ရတာလွယ်တယ်နော်။

မျက်မမြင်ပုဏ္ဏား ၆ ယောက်

မျက်မမြင်ပုဏ္ဏား ၆ ယောက်ဟာ ဆင်တစ်ကောင်ကို ကိုင်တွယ်စမ်းသပ်ပြီး သုံးသပ်ကောက်ချက် ချကြတယ်။ သူတို့ ၆ ဦးဟာ သူ့နေရာနဲ့သူ ကိုယ်စီကိုင်တွယ်ပြီး သူတို့အမြင်ကို ပြောကြတာလေ။ ဆင်ရဲ့ ကိုယ်ထည်ကို ကိုင်တဲ့သူက တစ်မျိုးပြောတယ်။ ဆင်နှာမောင်းကို ကိုင်မိတဲ့သူက တစ်မျိုး၊ ခြေထောက်ကို ကိုင်မိတဲ့သူက တစ်ဖုံ စသည်ဖြင့် ကိုင်တွယ်စမ်းသပ်ပြီး ကောက်ချက်တွေပေးတာ အဖြေ ၆ မျိုးထွက်လာ ပါတယ်။ ဒီအကြောင်းအသေးစိတ် မပြောတော့ပါဘူး။ စာလေးနေမှာစိုးလို့။ ပြောချင်တာကတော့ မျက်စိ မမြင်တဲ့သူကပေးတဲ့ ရလဒ်ဟာ မမှန်နိုင်ဘူးဆိုတာပါပဲ။ လက်နဲ့ကိုင်တွယ်စမ်းသပ်ရပေမယ့် မျက်စိနဲ့ တပ်အပ်မြင်ရတာမျိုးမဟုတ်တော့ မမှန်နိုင်ပါဘူး။ သူတို့ ၆ ယောက်ကို မျက်စိအလင်းရအောင် ဆောင်ရွက် ပေးလိုက်ရင် ထွက်လာမယ့်အဖြေဟာ တစ်ခုတည်းပါပဲ။ အဲဒါကတော့ ''ငါတို့၆ယောက်ဟာ ကိုယ်ထင်တာ ကိုယ်ပြောနေတာပဲ'' ဆိုတဲ့အဖြေပါ။ ဆင်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကို မျက်စိနဲ့ ကွက်ကွက်ကွင်းကွင်းမြင်ပြီး လေ့လာသုံးသပ်ကောက်ချက်ဆွဲတာမျိုး ဖြစ်သင့်တယ်လို့ ပြောလိုရင်းပါ။

မှတ်သားသင့်တဲ့စကား

ယုံကြည်ချင်ပါသည်။ သို့သော် ...ဆိုတဲ့ ဆောင်းပါးကို ဖတ်ပြီးမြန်မာ့စီးပွားရေးကို ထဲထဲဝင်ဝင် လည်းသိ၊ ရှေ့မီနောက်မီလည်းဖြစ်၊ အတွေ့အကြုံရင့်ကျက်အမြော်အမြင်လည်းရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးနဲ့တွေ့ဆုံ ဖြစ်ပါတယ်။ အဲဒီဆောင်းပါးရေးသူက SEZs ဘာလို့ဖြစ်မလာတာလဲဆိုတာရယ်၊ ကြက်ဆူပင်တွေရဲ့ အကျိုး ဆက်အခြေအနေတွေ မသိရတာရယ်တို့ကို အဓိကပြောဆိုထားကြောင်း စကားစလိုက်မိပါတယ်။ ဒါနဲ့အဲဒီ ပုဂ္ဂိုလ်က တော်တော်ပြည့်ပြည့်စုံစုံ ပြောပြပါတယ်။ အဲဒီပြောပြချက်တွေထဲက တချို့ကို ကောက်နှုတ်ဖော်ပြ ချင်ပါတယ် –
အဲဒီဆောင်းပါးရေးသူက SEZs နဲ့ကြက်ဆူပင်လောက်ပြောတာနည်းသေးတာပေါ့ကွ။ ဒီထက်မက ပြောလို့ ရတာပေါ့။ အများကြီးထဲက ဥပမာတစ်ခုပြောရရင် မူဆယ်မှာ ပဲခွဲစက်တွေထောင်မယ်ဆိုပြီး ဘာလို့ မန္တလေးမှာ ပဲခွဲစက်တွေဖြစ်ကုန်တာလဲ။ ဘာကြောင့်လဲဆိုတဲ့ အဖြေဟာ တစ်ခုတည်းပေါ်မှာ မူတည်နေတာ မဟုတ်ဘူး။ ဒီအကြောင်း ပြောရရင် စာတစ်စောင်ပေတစ်ဖွဲ့ ဖြစ်သွားမယ်။ တို့ နိုင်ငံရဲ့ စီးပွားရေးကို တို့တွေအားလုံးက တိုးတက်စေချင်ကြတာပါပဲ။ တကယ်တိုးတက်နေတယ်ဆိုတာ ကိန်းဂဏန်းအချက် အလက်တွေ တိတိကျကျ ရှိနေတာပဲ။ မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ စီးပွားရေးပတ်ဝန်းကျင်ကို ထဲထဲဝင်ဝင် မသိဘဲ SEZs နဲ့ ကြက်ဆူပင်အကြောင်းလျှောက်ပြော နေသလို ဖြစ်နေတယ်။ သူမြင်တာ သူပြောတာ မျိုးပေါ့။ ဝေဖန်တာလွယ်ပါတယ်။

ဇာတ်ပေါင်းခန်း

အမြင်မှန်မရှိတော့ အမှန်ကို မြင်နိုင်စွမ်းမရှိခဲ့ပြီ။ မသိတာထက် အမှားကို သိခဲ့လို့ ပိုခက်ကုန်ပါပြီ။ ခွက်ထဲရှိတဲ့ နွားနို့တစ်ဝက်ကိုလည်း သွန်ပစ်ခဲ့ပေါ့။ ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်အောင် ပြုမူကျင့်ကြံ နေထိုင်ခဲ့ပေမယ့် လျှာဖျားက ဖြစ်လာတဲ့ ဝေဖန်မှုတွေကြောင့် သားအဖနှစ်ယောက် အနေကြပ်ခဲ့ရပြီ။ ငါ့အမြင်ဘာမှန်ပါတယ်ဆိုတဲ့ မျက်မမြင်ပုဏ္ဏား ၆ ယောက်နဲ့ SEZs နဲ့ ကြက်ဆူပင်လောက်သာ ကွက်ကွက် ကလေးမြင်တဲ့ သူတစ်ယောက် အမှန်ကို မသိမြင်နိုင်ခဲ့ပါ။ အမြင်မမှန်တဲ့ တစ်ဖက်သတ် အတွေးတွေနဲ့ စွတ်ရေးနေလို့ကတော့ သူ့ရဲ့ဘ၀ဇာတ်သိမ်းလှအံ့မထင်။ ယုံချင်ယုံမယုံချင်နေပါ။ ယနေ့ မြန်မာပြည်ရဲ့ စီးပွားရေးတိုးတက်မှု အဖုံဖုံကို အစုံအလင်တင်ပြရရင်ဖြင့် စာဖွဲ့လို့ကုန်အံ့မထင်။