Today:

SEARCH

Wednesday, January 16, 2008


ယုံချင်ယုံ မယုံချင်နေ

ယနေ့မြန်မာပြည်၏ အခြေအနေအမှန်များကို သိမြင်စေလိုသော စေတနာ၊ ဆန္ဒ၊ အာသီသဖြင့် တရားနည်းလမ်းကျကျ ရေးသားဖော်ပြရခြင်းဖြစ်ပါတယ်။ အမှန်ကို မြင်ရန်အတွက် အမြင်မှန်ရှိဖို့ လိုအပ် ကြောင်းကိုလည်း ထောက်ပြဆွေးနွေးလိုပါတယ်။ စာရေးသူက အမှန်ကိုသိမြင်စေလိုသောသူများမှာအမှား ကိုသိမြင်နေသူများပင်ဖြစ်ပါတယ်။ထိုသူတို့ကိုထပ်မံသရုပ်ခွဲရပါမူအမှန်ကိုမသိမြင်သော၊အမှားကိုသိမြင် နေ သော၊ အမြင်မှန်မရှိသောသူများပင် ဖြစ်ပါတော့၏။

မသိတာထက်ခက်တဲ့အရာ
ဒီနေရာမှာ ဆိုရိုးစကားတစ်ခုနဲ့ စလိုက်ချင်ပါတယ်။ အဲဒါကတော့ ''မရှိတာထက် မသိတာခက်'' ဆိုတာပါပဲ။ ဒါကို လူတိုင်းလက်ခံထားကြပါတယ်။ လူတိုင်းဆက်မတွေးတောတဲ့အပိုင်းကိုလည်း ဆက်ပြော ပါရစေ။ မသိတာထက်ခက်တဲ့အရာကို ပြောချင်တာပါ။ မသိတာထက်ခက်တာကတော့ သိထားတဲ့အသိက မှားနေခြင်းပါပဲ။ ဒါ့ကြောင့် ''မသိတာထက်အမှားကို သိနေခြင်းက ပို၍ခက်'' ဟူ၍ ဆိုစမှတ်ပြုချင်ပါတယ်။ အမှားကိုသိမြင်ခြင်းဟာ အမှန်ကိုမမြင်သောကြောင့်ဖြစ်ပါတယ်။ ထိုသို့အမှန်မမြင်ခြင်းရဲ့ အဓိကဇာတ်မြစ် မှာ အမြင်မမှန်ခြင်းပင်ဖြစ်ပါတယ်။ အမြင်မမှန်ဘူးဆိုတာကလည်း ''ငါ'' စွဲ စွဲနေတဲ့အပေါ်မူတည်ပြန်ပါ တယ်။ ငါပြောတာပဲ မှန်တယ်၊ မင်းပြောတာမမှန်ဘူး၊ သူပြောတာလည်းမှားနေတယ် ဆိုတဲ့သူမျိုးပါ။ တစ်ဖက်တည်းကိုကြည့်ပြီးလိုရာဆွဲတွေးကောက်ချက်ချတာမျိုးတွေဟာ လူ့အဖွဲ့အစည်းကိုညစ်နွမ်းစေပါ
တယ်။ စကားစပ်မိလို့ ပုံတိုပတ်စလေးတွေပါ တစ်ခါတည်း ပြောပါရစေ။

ခွက်ထဲရှိနွားနို့တစ်ဝက်ကို သွန်ပစ်ခြင်း
ခွက်ထဲမှာ နွားနို့တစ်ဝက်ရှိတဲ့အခြေအနေကို အမျိုးမျိုးရှုမြင်ကြပါတယ်။ အကောင်းမြင်သူက ''ခွက် ထဲမှာ နွားနို့တစ်ဝက်တောင်ရှိတယ်'' လို့ပြောတယ်။ အဆိုးမြင်သမားကတော့ ''ခွက်ထဲမှာ နွားနို့တစ်ဝက်ပဲ ရှိတယ်'' လို့ဆိုပါတယ်။ လက်တွေ့ဆန်သူများကတော့ ခွက်ထဲမှာနွားနို့တစ်ဝက်ပဲရှိသည်ဖြစ်စေ၊ နွားနို့ တစ်ဝက်တောင်ရှိသည်ဖြစ်စေ အရေးမကြီးဘူး၊ ''ခွက်ထဲမှာရှိတဲ့နွားနို့တစ်ဝက်ကို သောက်လိုက်ပါ''လို့ ဆိုပြန်ပါတယ်။
ခွက်ထဲမှာ နွားနို့တစ်ဝက်ပဲရှိတယ်လို့ဆိုသူဟာ ခွက်ထဲမှာနွားနို့အပြည့်ရှိစေချင်တဲ့ စေတနာနဲ့ ဝေဖန်တာဖြစ်နိုင်ပါတယ်။ နားလည်ပေးလို့ရနိုင်ပါတယ်။ လူ့အဖွဲ့အစည်းအတွက် အကျိုးပြုမယ့်အနေ အထားကို တွေးယူလို့ရနိုင်ပါတယ်။ နွားနို့တစ်ဝက်တောင်ရှိတယ်လို့ ပြောတဲ့သူရယ်၊ နွားနို့ကို သောက် လိုက်ပါလို့ပြောတဲ့သူတွေရယ်ကတော့ အကောင်းမြင်သမားတွေဆိုတော့ အထွေအထူးပြောစရာမရှိပါဘူး။
ပြောချင်တာကတော့ အဆိုးမြင်နဲ့ဝေဖန်တာကို လက်ခံပါတယ်။ ကောင်းစေချင်လို့ဆိုတဲ့ သဘော လေးနှီးနွယ်နေနိုင်လို့ပါ။ ဒါပေမယ့် တစိုက်မတ်မတ်ကြီးကို အဆိုးမြင်ရှုထောင့်က ရေးသားဝေဖန်ပြောဆို ထုတ်လွှင့်နေတာမျိုးကတော့ မကောင်းဘူးပေါ့။ မနာလိုတဲ့သဘောတွေလား၊ မရှုစိမ့်တဲ့သဘောတွေလား၊ မစားရတဲ့အမဲ သဲနဲ့ပက်တာလား စသည်ဖြင့် တွေးတောစရာတွေ ဖြစ်လာပါတယ်။ အပေါ်မှာပြောခဲ့တဲ့ ဥပမာအရဆိုရင် နွားနို့တစ်ဝက်ပဲရှိတယ်၊ တစ်ဝက်တောင်ရှိတယ်၊ သောက်လိုက်ပါဆိုတဲ့ အမြင်၃မျိုး ရဲ့အပြင်ဘက်ကို ရောက်သွားပြီ။ ''ခွက်ထဲမှာရှိတဲ့ နွားနို့တစ်ဝက်ကို သွန်ပစ်လိုက်ပါ'' ဆိုတာမျိုး ဖြစ်သွားပြီ။ ဒါဟာ မကောင်းတဲ့ လက္ခဏာပဲ။
ဘောဂဗေဒသဘောအရ ပြောသံကြားဖူးတာရှိတယ်။ ဖိတ်သွားတဲ့နွားနို့ရဲ့အကြောင်းပါ။ ဖိတ်သွား တဲ့နွားနို့(သွန်ပစ်တဲ့နွားနို့) ကို စုန်းစုန်းမြုပ်သွားတဲ့စရိတ် (Sink Cost) လို့ခေါ်ပါတယ်။ အလကားဖြစ်သွား တဲ့၊ ပြန်ရချက်မရှိနိုင်တော့တဲ့ အသုံးစရိတ် (၀ါ) ရင်းနှီးမြှုပ်နှံမှုလို့ပြောပါတယ်။ ရေတွင်းတစ်တွင်းကို တော် တော်နက်နက်တူးပေမယ့် ရေမထွက်တာမျိုးဟာ (Sink Cost) ပါပဲ။ နွားနို့ကို သွန်ပစ်သူဟာ မိုက်မဲသူပဲ။

သားအဖနှစ်ယောက်နဲ့ မြည်းတစ်ကောင်
အများသိပြီးဖြစ်တဲ့အတိုင်းပါပဲ။ သားအဖနှစ်ယောက်နဲ့ မြည်းတစ်ကောင်ရဲ့ ဇာတ်လမ်းလေ။ သား အဖနှစ်ယောက်က လမ်းလျှောက်ပြီး မြည်းတစ်ကောင်ကို ဆွဲသွားသတဲ့။ အဲဒါကို မြင်တဲ့သူတချို့က သား အဖနှစ်ယောက်ကို ဝေဖန်တယ်။ လူနှစ်ယောက်က လမ်းလျှောက်ပြီး မြည်းကို ဒီအတိုင်းဆွဲသွားတယ်၊ ''အ'' လိုက်တာ၊ မြည်းပေါ်တက်စီးသွားပါတော့လားလို့ပေါ့။ အဲဒီလို ပြောသံကြားတော့ သားအဖနှစ်ယောက်ဟာ မြည်းပေါ်ကို တက်စီးပြီး ခရီးဆက်ကြသတဲ့။ ခပ်လှမ်းလှမ်းရောက်တော့ ဒီသားဖနှစ်ယောက်ကတော့ အကြင်နာတရားမရှိလိုက်တာ မြည်းပေါ်ကို နှစ်ယောက်စလုံးတက်စီးရတယ်လို့ အသံကြားရပြန်တယ်။ ဒါနဲ့
ဖခင်ဖြစ်သူဟာ မြည်းပေါ်ကဆင်းပြီး သားကို မြည်းပေါ်တင်ကာ ခရီးဆက်ခဲ့ပြန်ပါတယ်။ ဒီအခါမှာလည်း အပြစ်တင်မလွတ်ပြန်ဘူး။ အဖေလုပ်သူက လမ်းလျှောက်ပြီး သားကို မြည်းပေါ်တင်ပြီးသွားရတယ်လို့
ဝေဖန်ခံရတယ်။ ဒါနဲ့အဖေနဲ့သားနေရာလဲတယ်။ အဖေမြည်းပေါ်တက်၊ သားအောက်ဆင်းပြီးလျှောက်၊၊ ထုံးစံအတိုင်းပါပဲ။ အဖေလုပ်တဲ့သူက သားကို မသနားရကောင်းလားဆိုပြီး ပြောကြပြန်ပါတယ်။ ဒါဆိုရင် ဘယ်လိုဖြစ်သင့်သလဲ၊ ဘယ်လိုအဖြစ်သင့်ဆုံးလဲ စာဖတ်သူတို့စဉ်းစားဖို့လိုပါမယ်။ သားအဖနှစ်ယောက် မြည်းကို ထမ်းသွားရင် ဘယ်လိုတွေပြောကြဦးမလဲ။ ဝေဖန်ရတာလွယ်တယ်နော်။

မျက်မမြင်ပုဏ္ဏား ၆ ယောက်
မျက်မမြင်ပုဏ္ဏား ၆ ယောက်ဟာ ဆင်တစ်ကောင်ကို ကိုင်တွယ်စမ်းသပ်ပြီး သုံးသပ်ကောက်ချက် ချကြတယ်။ သူတို့ ၆ ဦးဟာ သူ့နေရာနဲ့သူ ကိုယ်စီကိုင်တွယ်ပြီး သူတို့အမြင်ကို ပြောကြတာလေ။ ဆင်ရဲ့ ကိုယ်ထည်ကို ကိုင်တဲ့သူက တစ်မျိုးပြောတယ်။ ဆင်နှာမောင်းကို ကိုင်မိတဲ့သူက တစ်မျိုး၊ ခြေထောက်ကို ကိုင်မိတဲ့သူက တစ်ဖုံ စသည်ဖြင့် ကိုင်တွယ်စမ်းသပ်ပြီး ကောက်ချက်တွေပေးတာ အဖြေ ၆ မျိုးထွက်လာ ပါတယ်။ ဒီအကြောင်းအသေးစိတ် မပြောတော့ပါဘူး။ စာလေးနေမှာစိုးလို့။ ပြောချင်တာကတော့ မျက်စိ မမြင်တဲ့သူကပေးတဲ့ ရလဒ်ဟာ မမှန်နိုင်ဘူးဆိုတာပါပဲ။ လက်နဲ့ကိုင်တွယ်စမ်းသပ်ရပေမယ့် မျက်စိနဲ့ တပ်အပ်မြင်ရတာမျိုးမဟုတ်တော့ မမှန်နိုင်ပါဘူး။ သူတို့ ၆ ယောက်ကို မျက်စိအလင်းရအောင် ဆောင်ရွက် ပေးလိုက်ရင် ထွက်လာမယ့်အဖြေဟာ တစ်ခုတည်းပါပဲ။ အဲဒါကတော့ ''ငါတို့၆ယောက်ဟာ ကိုယ်ထင်တာ ကိုယ်ပြောနေတာပဲ'' ဆိုတဲ့အဖြေပါ။ ဆင်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကို မျက်စိနဲ့ ကွက်ကွက်ကွင်းကွင်းမြင်ပြီး လေ့လာသုံးသပ်ကောက်ချက်ဆွဲတာမျိုး ဖြစ်သင့်တယ်လို့ ပြောလိုရင်းပါ။

မှတ်သားသင့်တဲ့စကား
ယုံကြည်ချင်ပါသည်။ သို့သော် ...ဆိုတဲ့ ဆောင်းပါးကို ဖတ်ပြီးမြန်မာ့စီးပွားရေးကို ထဲထဲဝင်ဝင် လည်းသိ၊ ရှေ့မီနောက်မီလည်းဖြစ်၊ အတွေ့အကြုံရင့်ကျက်အမြော်အမြင်လည်းရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးနဲ့တွေ့ဆုံ ဖြစ်ပါတယ်။ အဲဒီဆောင်းပါးရေးသူက SEZs ဘာလို့ဖြစ်မလာတာလဲဆိုတာရယ်၊ ကြက်ဆူပင်တွေရဲ့ အကျိုး ဆက်အခြေအနေတွေ မသိရတာရယ်တို့ကို အဓိကပြောဆိုထားကြောင်း စကားစလိုက်မိပါတယ်။ ဒါနဲ့အဲဒီ ပုဂ္ဂိုလ်က တော်တော်ပြည့်ပြည့်စုံစုံ ပြောပြပါတယ်။ အဲဒီပြောပြချက်တွေထဲက တချို့ကို ကောက်နှုတ်ဖော်ပြ ချင်ပါတယ် –
အဲဒီဆောင်းပါးရေးသူက SEZs နဲ့ကြက်ဆူပင်လောက်ပြောတာနည်းသေးတာပေါ့ကွ။ ဒီထက်မက ပြောလို့ရတာပေါ့။ အများကြီးထဲက ဥပမာတစ်ခုပြောရရင် မူဆယ်မှာ ပဲခွဲစက်တွေထောင်မယ်ဆိုပြီး
ဘာလို့မန္တလေးမှာ ပဲခွဲစက်တွေဖြစ်ကုန်တာလဲ။ ဘာကြောင့်လဲဆိုတဲ့ အဖြေဟာ တစ်ခုတည်းပေါ်မှာ မူတည်နေတာမဟုတ်ဘူး။ ဒီအကြောင်း ပြောရရင် စာတစ်စောင်ပေတစ်ဖွဲ့ ဖြစ်သွားမယ်။ တို့ နိုင်ငံရဲ့ စီးပွားရေးကို တို့တွေအားလုံးက တိုးတက်စေချင်ကြတာပါပဲ။ တကယ်တိုးတက်နေတယ် ဆိုတာ ကိန်းဂဏန်းအချက်အလက်တွေ တိတိကျကျ ရှိနေတာပဲ။ မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ စီးပွားရေးပတ်ဝန်းကျင်ကို ထဲထဲဝင်ဝင်မသိဘဲ SEZs နဲ့ ကြက်ဆူပင်အကြောင်းလျှောက်ပြော နေသလို ဖြစ်နေတယ်။ သူမြင်တာ သူပြောတာမျိုးပေါ့။ ဝေဖန်တာလွယ်ပါတယ်။

ဇာတ်ပေါင်းခန်း
အမြင်မှန်မရှိတော့ အမှန်ကို မြင်နိုင်စွမ်းမရှိခဲ့ပြီ။ မသိတာထက် အမှားကို သိခဲ့လို့ ပိုခက်ကုန်ပါပြီ။ ခွက်ထဲရှိတဲ့ နွားနို့တစ်ဝက်ကိုလည်း သွန်ပစ်ခဲ့ပေါ့။ ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်အောင် ပြုမူကျင့်ကြံ နေထိုင်ခဲ့ပေမယ့် လျှာဖျားက ဖြစ်လာတဲ့ ဝေဖန်မှုတွေကြောင့် သားအဖနှစ်ယောက် အနေကြပ်ခဲ့ရပြီ။ ငါ့အမြင်ဘာမှန်ပါတယ်ဆိုတဲ့ မျက်မမြင်ပုဏ္ဏား ၆ ယောက်နဲ့ SEZs နဲ့ ကြက်ဆူပင်လောက်သာ ကွက်ကွက် ကလေးမြင်တဲ့ သူတစ်ယောက် အမှန်ကို မသိမြင်နိုင်ခဲ့ပါ။ အမြင်မမှန်တဲ့ တစ်ဖက်သတ် အတွေးတွေနဲ့ စွတ်ရေးနေလို့ကတော့ သူ့ရဲ့ဘ၀ဇာတ်သိမ်းလှအံ့မထင်။ ယုံချင်ယုံမယုံချင်နေပါ။ ယနေ့ မြန်မာပြည်ရဲ့ စီးပွားရေးတိုးတက်မှု အဖုံဖုံကို အစုံအလင်တင်ပြရရင်ဖြင့် စာဖွဲ့လို့ကုန်အံ့မထင်။

မှတ်ချက်။ ။ ၂၀၀၈ခုနှစ်၊ဇန်န၀ါရီလ ၉ ရက်နေ့တွင် mizimaburma.com website ၌ ဖော်ပြခဲ့သည့် ယုံကြည်ချင်ပါ သည်။သို့သော်...ဆောင်းပါးကိုဖတ်ရှုပြီးနောက်အဆိုပါဆောင်းပါးရေးသူအား သနားစိတ်ဝင်မိ၍ ဤဆောင်းပါးဖြင့် ဖြေသိမ့်ပေးရ ခြင်းဖြစ်ပါသည်။ သူတစ်ယောက်အမြင်မှန်ရပါစေ။

1 Comments:

Blogger Myo Win Zaw said...

ငါတို့အမျိုးစစ်သားမရှိ ဂုဏ်ယူမိ၏။
ငါတို့အမျိုး စစ်မျိုးမရှိ
စစ်မျိုးပါလျှင် သူခိုးသူဝှက် အလိမ်ပါဘက် မုဒိမ်းကောင်တက်သလို
အမျိုးနာမည်
အောက်တန်းမျိုးရိုး
စစ်ဗိုလ် စစ်သားမျိုး
အဘက်မလုပ် အ၀င်မခံလျှင် မျိုးရိုးဂုဏ်နိမ့်မည်စိုး
ငါတို့အမျိုးစစ်သားမရှိ ဂုဏ်ယူမိ၏။

July 15, 2008 at 6:02 PM  

Post a Comment

Subscribe to Post Comments [Atom]

<< Home