Today:

SEARCH

Monday, July 21, 2008


အခြေအနေနဲ့အချိန်အခါ

'' ကဲ-လွတ်လွတ်လပ်လပ်ပဲ- မင်းတို့တစ်တွေ ရောင်းချင်တာရောင်း၊ ၀ယ်ချင်တာဝယ်- လွတ်လွတ် လပ်လပ် ရောင်းဝယ် ဖောက်ကားကြတော့-ငါတို့က ဘာမှမကန့်သတ်တော့ဘူး'' လို့ ကြေငြာလိုက်မယ်ဆိုရင် ဘာတွေဖြစ်မလဲ။ အဲဒီလို လုပ်လိုက်ရင် အကောင်းတွေချည်းဖြစ်လာ မယ်။ နိုင်ငံခြားဖြစ်ပစ္စည်းတွေ ပြည်တွင်းမှာ လွတ်လွတ်လပ်လပ် ၀ယ်ယူ သုံးစွဲလို့ရသွားမယ်။ မိမိနိုင်ငံက ကုန်ပစ္စည်းတွေလည်း နိုင်ငံခြားတိုင်းပြည်တွေကို လွတ်လွတ်လပ်လပ် တင်ပို့ပြီး ကြွယ်ဝချမ်းသာလာမယ်။ ဒီလိုမျိုးအကောင်းတွေချည်းဖြစ်လာမယ်လို့------- ဘယ်စီးပွားရေးသမား ကအာမခံ နိုင်သလဲ။ခုချိန်မှာ ပြည်တွင်းက စိုက်ပျိုးထုတ်လုပ်နေတဲ့ အစားအစာတွေကို လွယ်ကူစွာ ၀ယ်ယူ စားသောက်နေနိုင်တယ်နော်။ စောစောကပြောသလိုသာလွတ်လပ်စွာဝယ်ခွင့်၊ ရောင်းခွင့် ပေးလိုက်ရင်--- လူဦးရေသန်းထောင်နဲ့ချီ ရှိနေတဲ့ နိုင်ငံတွေဝန်းရံထားတဲ့ မြန်မာနိုင်ငံထဲကြိုက်ဈေး တွေပေးပြီး ၀ယ်ယူသွားကြရင်--- ချမ်းသာသွားမယ့်သူတွေ ဘယ်လောက်ရှိပြီး--စားစရာ ပြတ်လပ် သွားမဲ့သူတွေ ဘယ်လောက်ရှိမလဲ စဉ်းစားရအောင်။ ကဲ--- နိုင်ငံတော် အကျိုးစီးပွားဆိုတာ --မြင်ပြီလား။
ကမ္ဘာမှာ ကြွယ်ဝချမ်းသာပါတယ်ဆိုတဲ့ အမေရိကန်လို နိုင်ငံကြီးကတောင်မှ ဘယ်ပစ္စည်း တွေဆိုရင် တင်သွင်းခွင့်ပေးမယ်။ ဘယ်လောက်ပဲတင်သွင်းခွင့်ပေးမယ်။ ဘယ်ပစ္စည်းတွေဆိုရင် ဘယ်လောက် ပဲတင်ပို့ခွင့်ပြုမယ်။ စသည်ဖြင့်တော့ကန့်သတ်နေရတာရှိတာပေါ့။ အမျိုးသားအကျိုး စီးပွားဟာကိုး။
ဂျပန်နိုင်ငံမှာ စိုက်ပျိုးတဲ့သူတွေဆိုရင် နိုင်ငံတော်က ပံ့ပိုးမှုတွေပေးပြီး စိုက်ပျိုးမှုတွေ ဆက်လက် လုပ်စေရတယ်။ ဒါဟာလည်း အခြေအနေတစ်ရပ်ရပ်ကြောင့် စားစရာဝယ်မရခဲ့ရင်--ဆိုတာ စဉ်းစားထားတဲ့ အမျိုးသားအကျိုးစီးပွားအတွက်ပေါ့။ အဲဒီတော့ ချင့်ချိန်ရတာပေါ့နော်။
မိသားတစ်စုတည်းမှာပဲကြည့်ပေါ့ဗျာ။ နေ့စဉ်စားဖို့အတွက် ကုန်ကျတာရှိမယ်။ အ၀တ်အစား အသုံး အဆောင်တွေရှိမယ်။ စိတ်အပန်းဖြေစရာ လိုအပ်ချက်တွေရှိမယ်။ အဲဒါကိုတစ်လလုံးလုံးဘာမှ မစားဘဲအ၀တ်အစား ချည်းဝယ်ဝတ်လို့ဖြစ်မလား၊ အပျော်အပါးချည်းပဲလုပ်နေလို့ဖြစ်မလား---နော်။
အဲဒီသဘောတရားနဲ့ကြည့်ရင် တစ်မျိုးသားလုံးအတွက် လိုအပ်တာတွေကိုတောင်မှ အရေးတကြီး လိုအပ် တာနဲ့-သာမန်လိုအပ်တာ၊ စဉ်းစားချင့်ချိန်ပြီး ၀ယ်ခွင့်မပေးသင့်တာတွေရွေးချယ်ရမယ်ပေါ့။ အဲ---တစ်ခုပဲရှိတာက အဲဒီလိုကန့်သတ်ပိုင်ခွင့်ကိုပဲ မှန်မှန်ကန်ကန်အသုံးပြုဖို့၊ ကိုယ်ကျိုးစီးပွား တစ်ခုတည်းကြည့်ပြီး မမှန်မကန်တာတွေ မလုပ်ဖို့ လိုတာပေါ့။ ကိုယ့်ကိုကိုယ် မှန်ထဲပြန်ကြည့်ရဲဖို့ လိုတာပေါ့နော်---။
တစ်ခုက ပုံတူကူးတာ။ အောင်မြင်နေတဲ့နိုင်ငံတွေကို ကြည့်ပြီး ကိုယ့်ကိုယ်ကို--ကိုယ့်ဝန်းကျင်ကို အားမရတာကတော့လူတိုင်းပေါ့။ တစ်ခုတော့ရှိတယ်။ အဲဒီလိုဖြစ်လာအောင် အဲဒီနိုင်ငံတွေ ဘယ်လို ရုန်းကန်ခဲ့ရတယ် ဆိုတာ၊ ဘယ်လိုမှားခဲ့ဘူးတယ်ဆိုတာကို မြင်တတ်တဲ့သူ-မြင်နိုင်တဲ့လူဖြစ်မှ အမြင်ကျယ်မယ်။ ပုံတူကူးတာဟာ အချိန်အခါ၊ အခြေအနေ၊ ပတ်ဝန်းကျင် အားလုံး ထည့်သွင်းစဉ်းစားရမယ်၊ ပြောရရင် လူတွေရဲ့ စိတ်ဓာတ်အခြေ အနေတွေကိုရောဆိုတာ--မြင်ရမှာ။
တရုတ်နိုင်ငံကြီး ယနေ့အောင်မြင်ပြီး ကြွယ်ဝချမ်းသာနေတာကိုတော့ အားကျမှာပေါ့-ဒါလူတိုင်းရဲ့ ဆန္ဒ ပဲလေ။ ဒါပေမယ့် တစ်ချိန်က ဆန္ဒစောပြီး ဆောင်ရွက်ချက်မှားခဲ့လို့ ပြည်သူသန်း ၃၀ လောက် ငတ်ပြီး သေခဲ့ဖူးတယ်ဆိုတာ ယနေ့လူတွေမေ့နေလောက်ပါပြီ။ ဒါဟာကြီးမားတဲ့ ပေးဆပ်မှုကြောင့် ပြုပြင်ရမဲ့အချက်တွေ ပိုမြင်ခဲ့တယ်ဆိုရင် မငြင်းနိုင်ဘူးပေါ့။ တစ်ခုရှိတာက ခုအချိန်အခါဟာ ယခင်တုန်းကအခြေအနေတွေထက် ပိုသိမ်မွေ့တယ်၊ ပိုခက်ခဲတယ်၊ ပိုပြီး စိန်ခေါ်မှု တွေများတယ်ဆိုတာကိုတော့သိထားသင့်ပါတယ်။ဒီတော့မျက်စိကျယ်ကျယ်ဖွင့်ပြီး သေသေချာချာ တော့စူးစမ်းလေ့လာ သင့်တယ်။ အကောင်းလိုချင်ရင် အချိန်နည်းနည်းပေးရမယ်။ အကောင်း ဆုံးဖြစ်ဖို့ဆိုရင်အချိန်များများပိုပေးရမယ်။ဒါဟာလည်း ကုန်ဆုံးခဲ့တဲ့အချိန်တွေကပေးတဲ့ သင်ခန်းစာ တွေမို့-- နောက်တစ်ခါမမှားရအောင်-- စနစ်တကျ၊ အချိန်ယူ၊ သေချာအောင်လုပ်ဖို့ သိပ်လို တာပေါ့နော်

ယုံချင်ယုံ မယုံချင်နေ

ယနေ့မြန်မာပြည်၏ အခြေအနေအမှန်များကို သိမြင်စေလိုသော စေတနာ၊ ဆန္ဒ၊ အာသီသဖြင့် တရားနည်းလမ်းကျကျ ရေးသားဖော်ပြရခြင်းဖြစ်ပါတယ်။ အမှန်ကို မြင်ရန်အတွက် အမြင်မှန်ရှိဖို့ လိုအပ် ကြောင်းကိုလည်း ထောက်ပြဆွေးနွေးလိုပါတယ်။ စာရေးသူကအမှန်ကို သိမြင်စေလိုသောသူများမှာအမှား ကိုသိမြင်နေသူများပင်ဖြစ်ပါတယ်။ ထိုသူတို့ကိုထပ်မံသရုပ်ခွဲရပါမူ အမှန်ကိုမသိမြင်သော၊ အမှားကိုသိမြင် နေသော၊ အမြင်မှန်မရှိသောသူများပင် ဖြစ်ပါတော့၏။

မသိတာထက်ခက်တဲ့အရာ

ဒီနေရာမှာ ဆိုရိုးစကားတစ်ခုနဲ့ စလိုက်ချင်ပါတယ်။ အဲဒါကတော့ ''မရှိတာထက် မသိတာခက်'' ဆိုတာပါပဲ။ ဒါကို လူတိုင်းလက်ခံထားကြပါတယ်။ လူတိုင်းဆက်မတွေးတောတဲ့အပိုင်းကိုလည်း ဆက်ပြော ပါရစေ။ မသိတာထက်ခက်တဲ့အရာကိုပြောချင်တာပါ။ မသိတာထက်ခက်တာကတော့ သိထားတဲ့ အသိက မှားနေခြင်း ပါပဲ။ ဒါ့ကြောင့် ''မသိတာထက်အမှားကို သိနေခြင်းက ပို၍ခက်'' ဟူ၍ ဆိုစမှတ်ပြုချင်ပါတယ်။ အမှားကို သိမြင်ခြင်းဟာ အမှန်ကိုမမြင်သောကြောင့်ဖြစ်ပါတယ်။ ထိုသို့အမှန်မမြင်ခြင်းရဲ့ အဓိက ဇာတ်မြစ် မှာအမြင် မမှန်ခြင်းပင်ဖြစ်ပါတယ်။ အမြင်မမှန်ဘူးဆိုတာကလည်း ''ငါ'' စွဲ စွဲနေတဲ့အပေါ်မူတည်ပြန်ပါတယ်။ ငါပြောတာပဲ မှန်တယ်၊ မင်းပြောတာမမှန်ဘူး၊ သူပြောတာလည်းမှားနေတယ် ဆိုတဲ့သူမျိုးပါ။ တစ်ဖက် တည်းကို ကြည့်ပြီးလိုရာဆွဲ တွေးကောက်ချက်ချတာမျိုးတွေဟာလူ့အဖွဲ့အစည်းကို ညစ်နွမ်းစေပါတယ်။ စကားစပ်မိ လို့ ပုံတိုပတ်စလေးတွေပါ တစ်ခါတည်း ပြောပါရစေ။

ခွက်ထဲရှိနွားနို့တစ်ဝက်ကို သွန်ပစ်ခြင်း

ခွက်ထဲမှာ နွားနို့တစ်ဝက်ရှိတဲ့အခြေအနေကို အမျိုးမျိုးရှုမြင်ကြပါတယ်။ အကောင်းမြင်သူက ''ခွက် ထဲမှာ နွားနို့တစ်ဝက်တောင်ရှိတယ်'' လို့ပြောတယ်။ အဆိုးမြင်သမားကတော့ ''ခွက်ထဲမှာ နွားနို့တစ်ဝက်ပဲ ရှိတယ်'' လို့ဆိုပါတယ်။ လက်တွေ့ဆန်သူများကတော့ ခွက်ထဲမှာနွားနို့တစ်ဝက်ပဲရှိသည်ဖြစ်စေ၊ နွားနို့ တစ်ဝက်တောင်ရှိသည်ဖြစ်စေ အရေးမကြီးဘူး၊ ''ခွက်ထဲမှာရှိတဲ့နွားနို့တစ်ဝက်ကို သောက်လိုက်ပါ''လို့ ဆိုပြန်ပါတယ်။
ခွက်ထဲမှာ နွားနို့တစ်ဝက်ပဲရှိတယ်လို့ဆိုသူဟာ ခွက်ထဲမှာနွားနို့အပြည့်ရှိစေချင်တဲ့ စေတနာနဲ့ ဝေဖန်တာဖြစ်နိုင်ပါတယ်။ နားလည်ပေးလို့ရနိုင်ပါတယ်။ လူ့အဖွဲ့အစည်းအတွက် အကျိုးပြုမယ့်အနေ အထားကို တွေးယူလို့ရနိုင်ပါတယ်။ နွားနို့တစ်ဝက်တောင်ရှိတယ်လို့ ပြောတဲ့သူရယ်၊ နွားနို့ကို သောက် လိုက်ပါလို့ပြောတဲ့သူတွေရယ်ကတော့ အကောင်းမြင်သမားတွေဆိုတော့ အထွေအထူးပြောစရာမရှိပါဘူး။
ပြောချင်တာကတော့ အဆိုးမြင်နဲ့ဝေဖန်တာကို လက်ခံပါတယ်။ ကောင်းစေချင်လို့ဆိုတဲ့ သဘော လေးနှီးနွယ်နေနိုင်လို့ပါ။ ဒါပေမယ့် တစိုက်မတ်မတ်ကြီးကို အဆိုးမြင်ရှုထောင့်က ရေးသားဝေဖန်ပြောဆို ထုတ်လွှင့်နေတာမျိုးကတော့ မကောင်းဘူးပေါ့။ မနာလိုတဲ့သဘောတွေလား၊ မရှုစိမ့်တဲ့သဘောတွေလား၊ မစားရတဲ့အမဲ သဲနဲ့ပက်တာလား စသည်ဖြင့် တွေးတောစရာတွေ ဖြစ်လာပါတယ်။ အပေါ်မှာပြောခဲ့တဲ့ ဥပမာအရဆိုရင် နွားနို့တစ်ဝက်ပဲရှိတယ်၊ တစ်ဝက်တောင်ရှိတယ်၊ သောက်လိုက်ပါဆိုတဲ့ အမြင်၃မျိုး ရဲ့အပြင်ဘက်ကို ရောက်သွားပြီ။ ''ခွက်ထဲမှာရှိတဲ့ နွားနို့တစ်ဝက်ကို သွန်ပစ်လိုက်ပါ'' ဆိုတာမျိုး ဖြစ်သွားပြီ။ ဒါဟာ မကောင်းတဲ့ လက္ခဏာပဲ။
ဘောဂဗေဒသဘောအရ ပြောသံကြားဖူးတာရှိတယ်။ ဖိတ်သွားတဲ့နွားနို့ရဲ့အကြောင်းပါ။ ဖိတ်သွား တဲ့နွားနို့(သွန်ပစ်တဲ့နွားနို့) ကို စုန်းစုန်းမြုပ်သွားတဲ့စရိတ် (Sink Cost) လို့ခေါ်ပါတယ်။ အလကားဖြစ်သွား တဲ့၊ ပြန်ရချက်မရှိနိုင်တော့တဲ့ အသုံးစရိတ် (၀ါ) ရင်းနှီးမြှုပ်နှံမှုလို့ပြောပါတယ်။ ရေတွင်းတစ်တွင်းကို တော် တော်နက်နက်တူးပေမယ့် ရေမထွက်တာမျိုးဟာ (Sink Cost) ပါပဲ။ နွားနို့ကို သွန်ပစ်သူဟာ မိုက်မဲသူပဲ။

သားအဖနှစ်ယောက်နဲ့ မြည်းတစ်ကောင်

အများသိပြီးဖြစ်တဲ့အတိုင်းပါပဲ။ သားအဖနှစ်ယောက်နဲ့ မြည်းတစ်ကောင်ရဲ့ ဇာတ်လမ်းလေ။ သား အဖနှစ်ယောက်က လမ်းလျှောက်ပြီး မြည်းတစ်ကောင်ကို ဆွဲသွားသတဲ့။ အဲဒါကို မြင်တဲ့သူတချို့က သား အဖနှစ်ယောက်ကို ဝေဖန်တယ်။ လူနှစ်ယောက်က လမ်းလျှောက်ပြီး မြည်းကို ဒီအတိုင်းဆွဲသွားတယ်၊ ''အ'' လိုက်တာ၊ မြည်းပေါ်တက်စီးသွားပါတော့လားလို့ပေါ့။ အဲဒီလို ပြောသံကြားတော့ သားအဖနှစ်ယောက်ဟာ မြည်းပေါ်ကို တက်စီးပြီး ခရီးဆက်ကြသတဲ့။ ခပ်လှမ်းလှမ်းရောက်တော့ ဒီသားဖနှစ်ယောက်ကတော့ အကြင်နာတရားမရှိလိုက်တာ မြည်းပေါ်ကို နှစ်ယောက်စလုံးတက်စီးရတယ်လို့ အသံကြားရပြန်တယ်။ ဒါနဲ့
ဖခင်ဖြစ်သူဟာ မြည်းပေါ်ကဆင်းပြီး သားကို မြည်းပေါ်တင်ကာ ခရီးဆက်ခဲ့ပြန်ပါတယ်။ ဒီအခါမှာလည်း အပြစ်တင်မလွတ်ပြန်ဘူး။ အဖေလုပ်သူက လမ်းလျှောက်ပြီး သားကို မြည်းပေါ်တင်ပြီးသွားရတယ်လို့
ဝေဖန်ခံရတယ်။ ဒါနဲ့အဖေနဲ့သားနေရာလဲတယ်။ အဖေမြည်းပေါ်တက်၊ သားအောက်ဆင်းပြီးလျှောက်၊၊ ထုံးစံအတိုင်းပါပဲ။ အဖေလုပ်တဲ့သူက သားကို မသနားရကောင်းလားဆိုပြီး ပြောကြပြန်ပါတယ်။ ဒါဆိုရင် ဘယ်လိုဖြစ်သင့်သလဲ၊ ဘယ်လိုအဖြစ်သင့်ဆုံးလဲ စာဖတ်သူတို့စဉ်းစားဖို့လိုပါမယ်။ သားအဖနှစ်ယောက် မြည်းကို ထမ်းသွားရင် ဘယ်လိုတွေပြောကြဦးမလဲ။ ဝေဖန်ရတာလွယ်တယ်နော်။

မျက်မမြင်ပုဏ္ဏား ၆ ယောက်

မျက်မမြင်ပုဏ္ဏား ၆ ယောက်ဟာ ဆင်တစ်ကောင်ကို ကိုင်တွယ်စမ်းသပ်ပြီး သုံးသပ်ကောက်ချက် ချကြတယ်။ သူတို့ ၆ ဦးဟာ သူ့နေရာနဲ့သူ ကိုယ်စီကိုင်တွယ်ပြီး သူတို့အမြင်ကို ပြောကြတာလေ။ ဆင်ရဲ့ ကိုယ်ထည်ကို ကိုင်တဲ့သူက တစ်မျိုးပြောတယ်။ ဆင်နှာမောင်းကို ကိုင်မိတဲ့သူက တစ်မျိုး၊ ခြေထောက်ကို ကိုင်မိတဲ့သူက တစ်ဖုံ စသည်ဖြင့် ကိုင်တွယ်စမ်းသပ်ပြီး ကောက်ချက်တွေပေးတာ အဖြေ ၆ မျိုးထွက်လာ ပါတယ်။ ဒီအကြောင်းအသေးစိတ် မပြောတော့ပါဘူး။ စာလေးနေမှာစိုးလို့။ ပြောချင်တာကတော့ မျက်စိ မမြင်တဲ့သူကပေးတဲ့ ရလဒ်ဟာ မမှန်နိုင်ဘူးဆိုတာပါပဲ။ လက်နဲ့ကိုင်တွယ်စမ်းသပ်ရပေမယ့် မျက်စိနဲ့ တပ်အပ်မြင်ရတာမျိုးမဟုတ်တော့ မမှန်နိုင်ပါဘူး။ သူတို့ ၆ ယောက်ကို မျက်စိအလင်းရအောင် ဆောင်ရွက် ပေးလိုက်ရင် ထွက်လာမယ့်အဖြေဟာ တစ်ခုတည်းပါပဲ။ အဲဒါကတော့ ''ငါတို့၆ယောက်ဟာ ကိုယ်ထင်တာ ကိုယ်ပြောနေတာပဲ'' ဆိုတဲ့အဖြေပါ။ ဆင်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကို မျက်စိနဲ့ ကွက်ကွက်ကွင်းကွင်းမြင်ပြီး လေ့လာသုံးသပ်ကောက်ချက်ဆွဲတာမျိုး ဖြစ်သင့်တယ်လို့ ပြောလိုရင်းပါ။

မှတ်သားသင့်တဲ့စကား

ယုံကြည်ချင်ပါသည်။ သို့သော် ...ဆိုတဲ့ ဆောင်းပါးကို ဖတ်ပြီးမြန်မာ့စီးပွားရေးကို ထဲထဲဝင်ဝင် လည်းသိ၊ ရှေ့မီနောက်မီလည်းဖြစ်၊ အတွေ့အကြုံရင့်ကျက်အမြော်အမြင်လည်းရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးနဲ့တွေ့ဆုံ ဖြစ်ပါတယ်။ အဲဒီဆောင်းပါးရေးသူက SEZs ဘာလို့ဖြစ်မလာတာလဲဆိုတာရယ်၊ ကြက်ဆူပင်တွေရဲ့ အကျိုး ဆက်အခြေအနေတွေ မသိရတာရယ်တို့ကို အဓိကပြောဆိုထားကြောင်း စကားစလိုက်မိပါတယ်။ ဒါနဲ့အဲဒီ ပုဂ္ဂိုလ်က တော်တော်ပြည့်ပြည့်စုံစုံ ပြောပြပါတယ်။ အဲဒီပြောပြချက်တွေထဲက တချို့ကို ကောက်နှုတ်ဖော်ပြ ချင်ပါတယ် –
အဲဒီဆောင်းပါးရေးသူက SEZs နဲ့ကြက်ဆူပင်လောက်ပြောတာနည်းသေးတာပေါ့ကွ။ ဒီထက်မက ပြောလို့ ရတာပေါ့။ အများကြီးထဲက ဥပမာတစ်ခုပြောရရင် မူဆယ်မှာ ပဲခွဲစက်တွေထောင်မယ်ဆိုပြီး ဘာလို့ မန္တလေးမှာ ပဲခွဲစက်တွေဖြစ်ကုန်တာလဲ။ ဘာကြောင့်လဲဆိုတဲ့ အဖြေဟာ တစ်ခုတည်းပေါ်မှာ မူတည်နေတာ မဟုတ်ဘူး။ ဒီအကြောင်း ပြောရရင် စာတစ်စောင်ပေတစ်ဖွဲ့ ဖြစ်သွားမယ်။ တို့ နိုင်ငံရဲ့ စီးပွားရေးကို တို့တွေအားလုံးက တိုးတက်စေချင်ကြတာပါပဲ။ တကယ်တိုးတက်နေတယ်ဆိုတာ ကိန်းဂဏန်းအချက် အလက်တွေ တိတိကျကျ ရှိနေတာပဲ။ မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ စီးပွားရေးပတ်ဝန်းကျင်ကို ထဲထဲဝင်ဝင် မသိဘဲ SEZs နဲ့ ကြက်ဆူပင်အကြောင်းလျှောက်ပြော နေသလို ဖြစ်နေတယ်။ သူမြင်တာ သူပြောတာ မျိုးပေါ့။ ဝေဖန်တာလွယ်ပါတယ်။

ဇာတ်ပေါင်းခန်း

အမြင်မှန်မရှိတော့ အမှန်ကို မြင်နိုင်စွမ်းမရှိခဲ့ပြီ။ မသိတာထက် အမှားကို သိခဲ့လို့ ပိုခက်ကုန်ပါပြီ။ ခွက်ထဲရှိတဲ့ နွားနို့တစ်ဝက်ကိုလည်း သွန်ပစ်ခဲ့ပေါ့။ ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်အောင် ပြုမူကျင့်ကြံ နေထိုင်ခဲ့ပေမယ့် လျှာဖျားက ဖြစ်လာတဲ့ ဝေဖန်မှုတွေကြောင့် သားအဖနှစ်ယောက် အနေကြပ်ခဲ့ရပြီ။ ငါ့အမြင်ဘာမှန်ပါတယ်ဆိုတဲ့ မျက်မမြင်ပုဏ္ဏား ၆ ယောက်နဲ့ SEZs နဲ့ ကြက်ဆူပင်လောက်သာ ကွက်ကွက် ကလေးမြင်တဲ့ သူတစ်ယောက် အမှန်ကို မသိမြင်နိုင်ခဲ့ပါ။ အမြင်မမှန်တဲ့ တစ်ဖက်သတ် အတွေးတွေနဲ့ စွတ်ရေးနေလို့ကတော့ သူ့ရဲ့ဘ၀ဇာတ်သိမ်းလှအံ့မထင်။ ယုံချင်ယုံမယုံချင်နေပါ။ ယနေ့ မြန်မာပြည်ရဲ့ စီးပွားရေးတိုးတက်မှု အဖုံဖုံကို အစုံအလင်တင်ပြရရင်ဖြင့် စာဖွဲ့လို့ကုန်အံ့မထင်။

Wednesday, January 23, 2008


နံနက်မိုးသောက်အလင်းရောက်ရင် ကျက်သရေမင်္ဂလာအဖြာဖြာနဲ့ ပြည့်စုံစေဖို့၊ လုပ်ငန်းအ၀၀အဆင် ပြေ၊ လာဘ်လာဘတွေဝင်လာစေဖို့ နိမိတ်ကောင်းတွေလာစေဖို့ ယုံကြည်ချက်နဲ့ အိမ်တိုင်းအိမ်တိုင်းတံခါးတွေ ဖွင့်လို့ နေ့သစ်ကိုကြိုဆိုကြပြန်ပါတယ်။ အခုလိုနည်းပညာထွန်းကားတဲ့ခေတ်ကြီးမှာ အိမ်တံခါးတွေတင်မကာ တော့ဘဲ နိုင်ငံရဲ့ စီးပွားရေးတံခါးကိုပါဖွင့်လှစ်လိုက်တဲ့ တံခါးဖွင့်ဈေးကွက်စီးပွားရေးစနစ် (Open Market Economy) ကို ကျင့်သုံးလိုက်ပြန်တော့ တိုင်း၍ယက်သည့်ပက္ကလာ မိုးရွာသည်နှင့်အခန့်သင့်ဆိုသလိုပါပဲ။ မြန်မာဆိုတာ အစဉ်အလာရှိပြီးသားပါ။ ဥာဏ်ရည်ဥာဏ်သွေးကလည်း သူများရှေ့ပြေးပြီးသားပါပဲ။ ဒီလိုဥာဏ် ရည်ဥာဏ်သွေးထက်မြက်တဲ့ မြန်မာတွေ၊ မြန်မာနိုင်ငံသားတွေပွင့်ပွင့်လင်းလင်း စီးပွာေးရးအတွေးအမြင် အသိဥာဏ်တွေဖလှယ်နိုင်ဖို့၊ သစ္စာရှိယုံကြည်စိတ်ချရတဲ့ မိတ်ဆွေကောင်းတွေရပြီး စီးပွားရေးအောင်မြင်စေဖို့ အတွက် ဒီ Blog လေးကိုတင်လိုက်ရပါတယ်။ ဒီ Blog ကလေးကနေ ကျွန်မတို့ခေါင်းကောင်းကောင်းနဲ့ ပူးပေါင်း စဉ်းစားကြရင်း စီးပွားရေးအတွေ့အကြုံတွေ၊ ရင်ဆိုင်ရတဲ့အခက်အခဲတွေ ပွင့်ပွင့်လင်းလင်းဆွေးနွေးအဖြေရှာရင်း သူငယ်ချင်းဖွဲ့ကြရအောင် ဖိတ်ခေါ်လိုက်ပါတယ်။

၂၀၀၈ နှစ်ဦးမင်္ဂလာသတင်း


တစ်နေ့တစ်နေ့ နိုင်ငံတကာသတင်းမီဒီယာတွေကို ကြည့်လိုက်တာနဲ့ ဘယ်မှာပြန်ပေးဆွဲတယ်၊ ဘယ်မှာတော့ ဗုံးခွဲလို့ လူဘယ်နှစ်ဦးသေပြန်ပြီ၊ ဘယ်မှာတော့ရေကြီးလို့ စားနပ်ရိက္ခာတွေအမြန်ပို့ပေးနေရတယ်စသည်ဖြင့် ပေါ့ဗျာ၊ အနိဋ္ဌာရုံတွေက များပါတယ်။ နိုင်ငံတကာသတင်းမီဒီယာတွေကလည်း အနိဋ္ဌာရုံတွေကိုပဲ သတင်းထူးအနေနဲ့ ဦးစားပေးနေတာတွေ့ရတယ်။ မြန်မာနိုင်ငံရဲ့နာမည်ကျော်ဂျာနယ်လစ်ဆရာကြီးတစ်ဦးရဲ့ ဂျာနယ်လစ်ဇင်နဲ့ ပတ်သက်တဲ့ စာအုပ်မှာလည်း သတင်းစာဆရာကြီးတွေက သတင်းဆိုတာကိုသိအောင် လင်္ကာလေးနဲ့ ခုလိုသင်ပြခဲ့တယ်လို့ မှတ်သားရပါတယ်။ ''မီးလောင်၊ ရေကြီး၊ သူပုန်စီး ဆိုပြီးမှတ်၊ အဲဒါသတင်းထူးပဲတဲ့'' ယနေ့ကမ္ဘာ့မီဒီယာကို ထူထောင်ခဲ့တဲ့လူတွေဟာ မြန်မာပြည်မှာများ သင်တန်းတက်သွားသလားမသိပါဘူး။ ဟိုတစ်လောကလည်း ကျွန်တော်တို့ ဒေသတွင်းနိုင်ငံကြီးတစ်ခုက ခေါင်းဆောင်ဟောင်းကြီးရဲ့ကျန်းမာရေးအခြေ အနေမကောင်းတာကိုပဲ ထပ်တလဲလဲကြားသိနေရတယ်။ အဲဒီခေါင်းဆောင်ကြီးကျန်းမာရေးကောင်းတဲ့အခါ သတင်း မှာမပါတော့ပါဘူး။ ဒီကြားထဲ ဘယ်နိုင်ငံမှာရှိတဲ့ မြစ်ကတော့ စက်မှုလုပ်ငန်းတွေက စွန့်ပစ်တဲ့ရေဆိုးတွေနဲ့ညစ်ညမ်းနေပြီ၊ အဲဒီဒေသကလူတွေ ကျန်းမာရေးကိုထိခိုက်နေပြီ၊ အာရှက သူဋ္ဌေးနိုင်ငံကြီးတစ်ခုကလည်း ဝေလငါးတွေ ဖမ်းလွန်းလို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တွေက ကန့်ကွက်လို့ပြဿနာဖြစ်တဲ့သတင်းကလည်း ရှိသေး တယ်။ ဒီလိုနဲ့ပဲ နေ့စဉ်အနိဋ္ဌာရုံ ဦးစားပေးသတင်းတွေကြားမှာ ကျွန်တော့အတွက် တစ်ကိုယ်လုံးကြက်သီးမွေးညင်း ထလောက်အောင် အံ့သြ၀မ်းသာရတဲ့သတင်းတစ်ပုဒ်ကို ကြားရတယ်ဗျာ။ အဲဒီမင်္ဂလာသတင်းဟာ ကျွန်တော့အဖို့ တော့ ၂၀၀၈ အစရဲ့မင်္ဂလာရှိဆုံးဖြစ်ရပ်သတင်းပါ။ အားလုံးသိတဲ့အတိုင်း စစ်ကိုင်းတိုင်းက အင်းတော်မြို့ဆိုတာ မြို့သေးသေးလေးပါ။ ဇန်န၀ါရီလ ၁၁ ရက်နေ့ က အဲဒီမြို့ရဲ့ ၁၀ မိုင်အကွာ ဆိပ်သာကျေးရွာနားက မဲဇာချောင်းထဲမှာရောက်နေတဲ့ ဧရာဝတီလင်းပိုင်အမလေး တစ်ကောင်ကို ကွန်တိန်နာကားနဲ့ထည့်၊ မပင်ပန်းအောင် မီးသတ်ကားကလည်း (၂)စီးနဲ့ ရေတွေဖျန်းပေး၊ ဒဏ်ရာ မရအောင် သေသေချာချာ စောင့်ရှောက်သယ်ယူပြီး၊ ဧရာဝတီမြစ်ထဲကို ပြန်လွှတ်ခဲ့တယ်ဆိုတဲ့ သတင်းဗျာ။ ဘယ်လောက်ကြည်နူးစရာကောင်းသလဲ၊ ဒီငါးမလေးက မိုးတွင်းတုံးက ရေတက်တော့ ဧရာဝတီမြစ်ထဲကနေ ဆက်နေတဲ့ မဲဇာချောင်းထဲကို ၀င်လာခဲ့တာတဲ့။ ရေကျသွားတော့ သူ့မှာပြန်မထွက်နိုင်ပဲဖြစ်ရာတာ။ ဒီငါးမလေး ကို ဧရာဝတီမြစ်ထဲကို ပြန်လွှတ်တာကြုံတဲ့လူက ၀င်ပြီးလုပ်ကြတာမဟုတ်ဘူး။ ခရိုင်ငါးလုပ်ငန်းဦးစီးမှူးကိုယ်တိုင် ကျွမ်းကျင်တဲ့လူကြီးကိုယ်တိုင်ကြီးကြပ်တာ၊ သေသေချာချာ စနစ်တကျလုပ်တာ၊ ဒီသတင်းက ကျွန်တော့ကို အတွေးတွေပွားစေပါတယ်၊ ဒီငါးမလေးကို စတွေ့တာပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေမဟုတ်ပါဘူး၊ သာမန် ရွာသူရွာသားတွေပါ၊ လက်လွတ်စပယ်မသတ်ဖြတ်ပဲ၊ တာဝန်ရှိသူတွေကို သတင်းပို့ခဲ့တဲ့စေတနာနဲ့မေတ္တာဟာ တော်တော်ချီးကျူးဂုဏ်ယူစရာဖြစ်နေတာတွေ့ရတယ်။ ကျွန်တော်တို့ လူမျိုးတွေဟာ ဧရာဝတီလင်းပိုင်ဆိုတာ ရှားပါး မျိုးနွယ်ဖြစ်တယ်၊ စောင့်ရှောက်ရမယ်ဆိုတာ ရွာသားတွေသိနေတယ်ဆိုတော့ တစ်မျိုးဂုဏ်ယူစရာဖြစ်နေပြန်ရောဗျာ။ ခင်ဗျားတို့လည်း သိနေတာပဲ ကမ္ဘာမှာ ဒုတိယစီးပွားရေးအကြီးဆုံးနိုင်ငံ၊ ချမ်းလည်းချမ်းသာတဲ့ အာရှကနိုင်ငံကြီး ကလူတွေ ဝေလငါးတွေဖမ်းစားလွန်းလို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေနဲ့ ပြဿနာဖြစ်နေတာ။ ဒါတောင် အဲဒီနိုင်ငံကတာဝန်ရှိသူတစ်ဦးက ကမ္ဘာကြီးရဲ့သဘာဝပတ်ဝန်းကျင်ကာကွယ်စောင့်ရှောက်ထိန်းသိမ်းဖို့ ဘယ်လို ကူညီမယ်ဆိုတာ လေသံလွှင့်လိုက်သေးတယ်။ ကျွန်တော့အတွက်တော့ ၂၀၀၈ ရဲ့အစ ဇန်န၀ါရီလထဲမှာပဲ ကျေးလက်အဆင့်က ကျွန်တော်တို့လူမျိုးတွေရဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးစိတ်ဓာတ် အပြည့်နဲ့လုပ်ရပ်အတွက်ဂုဏ်ယူမဆုံးပါပဲဗျာ။

ဤခရီးနီးပြီလေ

ဖခင်တစ်ယောက်ရဲ့ ဂရုဏာဒေါသလက်ဟာ
မိခင်တစ်ယောက်ရဲ့ ပုခက်လွှဲသောလက်လောက်တော့
ဘယ်ပျော့ပျောင်းပါ့မလဲ။
လိမ္မာတဲ့သားသမီးတွေ
အိမ်မှာနေ ဘာမှမဖြစ်ကြဘူး။
အသားနာမှာစိုးလို့ ဖ၀ါးကအနာဆူးကို ဆွဲမနှုတ်ပေးရင်
အိုင်းအနာကြီးဖြစ်တတ်တယ်။
အဓိက ကလေ၊ လိမ္မာဘို့ဘဲ။

နေ့စဉ်နေ့တိုင်း ကိုယ့်အပိုင်းကိုယ်လုပ်
ကိုယ့်သမိုင်းကိုယ်ရေး
မိသားစုအရေး တွေးဆဆောင်ရွက်ရင်
ရွှေပြည်တော်ကြီး မျှော်လေနီးလေပေါ့။
အသက် ၇၀ ကျော်အမေနဲ့ မော်လမြိုင်ဘုရားဖူးအသွား
တံတားသစ်ကြီးကို ရထားနဲ့ဖြတ်တဲ့အခါ
အမေကပြောတယ်ဒီလို --------
အရင်ကဆို မော်လမြိုင်ကိုရောက်ဖို့အရေး
မုတ္တမဘူတာကနေ ဇက်မီဖို့ပြေးတော့
အပြေးအလွှားနဲ့ ချော်သူချော်၊ လဲသူလဲ
အော်သူအော်၊ ဆဲသူဆဲပေါ့။
အခုတော့ သွားရတာလဲအဆင်ပြေ၊ တံတားသစ်ကြီးကလဲကောင်း
လှကလဲလှသနဲ့ ဤခရီးနီးပြီပေါ့။
ငွေတော့အတော်ကုန်ရှာမှာဘဲတဲ့ ------။
တံတားသစ်ကြီးကို ငုံ့ငုံ့ပြီးကြည့်ရတာ အမေ့မှာအမော။
ပီတိဇောနဲ့ မမောနိုင်ဘူးလားဘဲ။
အမေဆက်ပြောတဲ့စကား
စာဖတ်သူများစဉ်းစားပြီး
ကျွန်တော့်အတွေးကို ထပ်ဖြည့်ရန်တောင်လိုနေပြီ။
ခရီးသည်

မပျော်သူတစ်ယောက် (၂) လင်္ကျာစက်တင်၏ ၁၈.၁.၂၀၀၈ (မဇ္ဇိုမ) ကဗျာမှာ ပြန်လည်ခံစားရေးသားပါသည်။

စက်မှု့စွမ်းအားနိုင်ငံစီးပွား

နိုင်ငံတစ်ခုတစ်ခုရဲ့ လူမှုရေး၊ စီးပွားရေးအခြေအနေတွေဖွံ့ဖြိုးတိုးတက်လာဖို့အတွက်ဆိုရင် စက်မှု လက်မှုကဏ္ဍဟာအားကိုးထိုက်တဲ့ထုတ်လုပ်မှုကဏ္ဍတစ်ရပ်ဖြစ်တာကို လူတော်တော်များများ ကလက်ခံကြမှာပါ။ ဘာကြောင့်လဲဆိုတော့ တိုင်းပြည်မှာရှိတဲ့စက်မှုလုပ်ငန်းတွေဟာ တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ အလုပ်အကိုင်အခွင့်အလမ်းတွေပေးနိုင်သလို နည်းပညာနှင့်ကျွမ်းကျင် မှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုရဲ့ဗဟိုချက်မလည်းဖြစ်တယ်။ စက်မှုလုပ်ငန်းတွေဟာ အခုအချိန်ကျမှမိုး ပေါ်ကကျလာတာမှမဟုတ်တာ။ ကိုလိုနီခေတ်တုံးကတည်းက စက်မှုလုပ်ငန်းတွေတည်ထောင်ပေါ် ထွန်းခဲ့ပြီး အဲ့သည့်အချိန်တုံးကစက်မှုလုပ်ငန်းအများစုဟာနိုင်ငံခြားသား ပိုင်တွေချဉ်းပါပဲ။
ဗြိတိသျှ အစိုးရက စစ်အတွင်းမှာဆင်းမလားမြို့မှာရေးဆွဲခဲ့တဲ့စက်မှုလက်မှုလုပ်ငန်းသစ်များ ထူထောင်ရေးပဏာမအစီရင်ခံစာထဲမှာဖတ်ဖူးတာကတော့ပြည်တွင်းကရတဲ့ကုန်ကြမ်းတွေနဲ့ ထုတ်လုပ်တဲ့စက်မှုလုပ်ငန်းတွေကိုအားပေးဖို့ ပြည်သူလူထုစားဝတ်နေရေးကို ဖြည့်ဆည်းပေးတဲ့ လုပ်ငန်းတွေကိုဦးစားပေးဖို့၊အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းတွေကိုအားပေးဖို့နဲ့အစိုးရပိုင်နဲ့ပုဂ္ဂကပိုင် စက်မှုလက်မှုလုပ်ငန်းခွဲခြားပြီးလုပ်ဆောင်ဖို့အကြံပေးထားတာတွေ့ရတယ်။ ၁၉၅၂ ခုနှစ်ကာလ အထိ မြန်မာနိုင်ငံမှာစက်ရုံအလုပ်ရုံကြီးဆိုလို့ သရက်ဘိလပ်မြေစက်၊ ဇေယျဝတီသကြားစက်နဲ့ မန္တလေးဘီယာစက်တို့ပဲရှိခဲ့တယ်လေ။ ပုဂ္ဂလိကစက်မှုလုပ်ငန်းတွေဟာ အစိုးရရဲ့စက်မှုမူဝါဒအရ အားပေးမှုကြောင့်ဖွံ့ဖြိုးမှုတော့ရှိတယ် ဒါပေမဲ့ အရွယ်အစားကတော့အငယ်စားလုပ်ငန်းတွေပါပဲ။
၁၉၆၂ ခုနှစ်နောက်ပိုင်းမှာတော့ စီးပွားရေးမဟာဗျူဟာ ကလယ်ယာကိုအခြေခံတဲ့စက်မှု လုပ်ငန်းများတည်ထောင်ဖို့ဆိုပြီးစီမံကိန်းတွေရေးဆွဲအကောင်အထည်ဖော်ခဲ့ကြသေးတယ်လေ။ အဲ့သည့်ခေတ်တုံးက ပြည်သူပိုင်အခန်းကဦးဆောင်ပြီး၊ သမ၀ါယမအခန်းကို ဒုတိယမဏ္ဍိုင်အဖြစ် ထားခဲ့တယ်လေ။ ပုဂ္ဂလိကလုပ်ငန်းတွေက အခွင့်အရေးအနည်းဆုံးဖြစ်ပေမဲ့လည်း နိုင်ငံအတွင်းမှာ ပုဂ္ဂလိကလုပ်ငန်းစက်ရုံတွေကအများဆုံးဖြစ်ပြီး စက်မှုကုန်ထုတ်တန်ဖိုးထဲမှာလည်းအများဆုံးပဲ။
၁၉၈၈ ခုနှစ်နောက်ပိုင်းမှာတော့ နိုင်ငံရဲ့စီးပွားရေးဦးတည်ချက် (၄) ရပ်ထဲမှာ စိုက်ပျိုးရေး ကိုအခြေခံတဲ့စက်မှုနိုင်ငံထူထောင်ဖို့နဲ့ စက်မှုဖွံ့ဖြိုးတိုးတက်တဲ့စက်မှုအင်အားကြိးနိုင်ငံတည်ဆောက် ဖို့ဆိုပြီးရည်မှန်းချက်ချခဲ့တယ်။ ၁၉၈၈ ခုနှစ်က စက်ရုံအလုပ်ရုံ ၂၈၀၀၀ ကျော်ရှိခဲ့ရာကနေ ၂၀၀၅ ခုနှစ်မှာ ၈၀၀၀၀ နီးပါးရှိခဲ့တယ်။ စက်ရုံအလုပ်ရုံပေါင်း ၅၀၀၀၀ ကျော်တိုးတက်ခဲ့တာအဆပေါင်း ၂ ဒသမ ၈ ဆရှိခဲ့လို့အံ့သြသွားမိတယ်။ ပြီးတော့ မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှာ စက်မှုဇုန် ၁၈ ဇုန်ကိုလည်းတည်ထောင် ထားခဲ့ပြီးပြီ.....။
ဒါပေမဲ့စက်မှုလုပ်ငန်းရဲ့ ၉၀ ရာခိုင်နှုန်းကျော်ဟာ အငယ်စားနဲ့အလတ်စား (SMEs) တွေဆို တာတွေ့ရတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာတော့ (SMEs) တွေဟာ နိုင်ငံရဲ့စီးပွားရေးကို အထူးအကျိုးပြု နေကြတာပါပဲ။ပြည်တွင်းရင်းနှီးမြှုပ်နှံမှုမလုံလောက်ရင်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကိုဖိတ်ခေါ်ပြီး လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွေဖွံ့ဖြိုးတိုးတက်ဖို့ကျောထောက်နောက်ခံပေးရင်ကောင်းတာပေါ့။ ကျေးလက်ဒေသတွေမှာစက်မှုလုပ်ငန်းတွေဖြစ်ထွန်းရင်လဲစီးပွားရေးတိုးတက်စေပြီး၊လူနေထူထပ် တဲ့မြို့တွေကိုရွှေ့ပြောင်းတာကိုလဲဟန့် တားနိုင်မှာပဲ...
စီးပွားရေး၊ လူမှုရေးတိုးတက်မှုကိုဖြစ်ထွန်းစေတဲ့စက်မှုကဏ္ဍကြီးနဲ့ပက်သက်လို့ အင်တာနက် ပေါ်ကမိတ်ဆွေရောင်းရင်းတွေကို အတွေးအခေါ်လဲလှယ်ဆွေးနွေးကြဖို့ ဖိတ်ခေါ်ချင်ပါတယ်...

ဆန်ဈေးမြင့်တက်မှုအတွက် ထိုင်းကထုတ်ဖော်ပြောကြားမှု (ပြန်လည်သုံးသပ်ချက်)

၁၆.၁.၂၀၀၈ နေ့ ညပိုင်းနှင့် ၁၇.၁.၂၀၀၈ နေ့နံနက်ပိုင်းတွင် ဆန်ဈေးမြင့်တက်မှု ထိုင်းကထုတ်ဖေါ် ပြောကြားမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံသို့ ရိုက်ခတ်နိုင်မည်လားဟု BBC ဆွေးနွေးချက်အားပြန်လည်သုံးသပ်ချက်

- မကွေးမှဆန်ကုန်သည်တစ်ဦးက BBC သို့ ဆန်ကုန်သည်များအား ပို့ကုန်လိုင်စင်များချပေးထားရေး ဆန်ဈေးတစ်ဖြည်းဖြည်းတက်လာရေး မိုးတွင်းရောက်က အဆမတန်တက်ကောင်းတက်မည်ဟုပြော ကြားပြီး၊ ကောက်သစ်ပေါ်၍ ဈေးကျနေ၍ အလားအလာကောင်းသလား၊ ဈေးနှုန်းမှာထုတ်လုပ်သူ နှင့်စားသုံးသူ အဆင်ပြေမည့် ဈေးနှုန်းဖြစ်ရန်အရေးကြီးကြောင်း ထုတ်လုပ်မှုစရိတ်မှာတစ်ဧကစိုက်ပျိုး စရိတ် ရှစ်သောင်း၊ ကိုးသောင်းရှိ၍ စပါးအထွက်နှင့်တွက်ပါက ပေါက်ဈေးတင်းတစ်ရာကို ၃၇၀၀၀၀ိ/- ၀န်းကျင်ရှိ၍ ရှဥ့်လဲလျှောက်သာပျားလည်းစွဲသာဖြစ်ကြောင်း ပြောကြားသွားပါသည်။
- ဆန်ကုန်သည်များကို လိုင်စင်ချပေးသည်ဆိုခြင်းမှာ မှန်ပါသည်။ လိုင်စင်ကို ဆန်ဖူလုံ၍ ပိုလျှံသော ဆန်စုစုပေါင်းမှ ပိုလျှံမှု၏ ၇% ထိသာ ခွင့်ပြုပေးထားခြင်းဖြစ်ပြီး ဆန်ပိုလျှံသောတိုင်းမှသာဝယ်ယူတင်ပို့ ခွင့်ပြုထားပါသည်။ အ၀ယ်အတွက်လည်း ဈေးကွက်မှတစ်ဖြည်းဖြည်းသာ လိုအပ်သလောက်ချင့်ချိန် ၀ယ်စေရန် ကုန်သည်များကို ညှိနှိုင်းထားကြောင်း၊ ၀ယ်သူများကလည်းဈေးတက်ပါက ရောင်းဝယ်မှု မကိုက်မည်စိုး၍ ထိမ်း၍၀ယ်ကြကြောင်း ဆန်စပါးလုပ်ငန်းသည် စိုက်ပျိုးခြင်း၊ ထုတ်လုပ်ခြင်း၊ သယ်ယူခြင်း၊ ကြိတ်ခွဲခြင်း၊ တင်ပို့ခြင်းလမ်းကြောင်းတစ်လျှောက်မှာ လူအများကိုထမင်းကျွေးသည့်လုပ်ငန်းဖြစ်သည့် အပြင် ဆန်စပါးသည် မြန်မာနိုင်ငံ၏ Traditional Export ဖြစ်၍ ဆက်လက်ရှင်သန်မှသာ နိုင်ငံအတွက် အကျိုးရှိမှာဖြစ်ကြောင်း၊ ထုတ်လုပ်မှုစရိတ်နဲ့ ထိုက်တန်သောအကျိုးအမြတ်ကို လယ်သမားရစေရန်နှင့် စားသုံးသူများလည်း သင့်တင့်သောဈေးနှုန်းဟုဆွေးနွေးချက်သည် မျှတသောအမြင်ရှိသည့်အတွက် ကြိုဆိုသင့်သောဆွေးနွေးချက်ဖြစ်ကြောင်း ပြန်လည်ဆွေးနွေးလိုပါသည်။
- ညောင်လေးပင်မှ ဦးလေးအောင်က ပဲခူးတိုင်းတွင် တပ်မှစပါးဝယ်က (၃)သိန်းပဲပေးကြောင်း၊ ကုန်သည် များက ၃၂၀၀၀၀ိ မှ ၃၃၀၀၀၀ိ ကျ ပေးဝယ်၍ လယ်သမားများက ကုန်သည်ပေးသည့်ဈေးနှင့် ရောင်းကြကြောင်း၊ ရာသီဥတုကြောင့် နှစ်ခါသုံးခါပျက်စီးပါက အရင်း ၂၂၀၀၀၀ိ မှ ၂၃၀၀၀၀ိ ထိရှိ ကြောင်း၊ ၂၀၀၆ ခုနှစ်တုန်းက အစိုးရက ဓါတ်မြေသြဇာကို ၆၀၀၀ိ နဲ့ရောင်းပေးတော့ လယ်သမားတွေ သိပ်မရခဲ့ဘူး။ ၂၀၀၇ ခုနှစ်မှာတော့ ဓါတ်မြေသြဇာ ၅၀ ကီလိုကို ၂၃၀၀၀ ပေးဝယ်ရလို့ စိုက်ပျိုးစရိတ် ကြောင့် ဆန်ဈေးကြီးလာတယ်လို့ ပြောသွားပါတယ်။
- ၂၀၀၃ ခုနှစ်အထိကတော့ နိုင်ငံတော်က၀ယ်ပြီး ၀န်ထမ်း၊ တပ်နဲ့သတ်မှတ်အင်အားစုတွေကိုဖြန့်ဝေခဲ့ပြီး နောက်ပိုင်းမှာတော့ ဥစ္စာရင်လိုဥစ္စာရင်ခဲပြီး တပ်ကလည်း လိုတဲ့ရိက္ခာဆန်ကို ဒေသမှာရှိတဲ့အသင်း အဖွဲ့တွေကတစ်ဆင့်ဝယ်ကြတယ်။ တိုက်ရိုက်မ၀ယ်ခဲ့ဘူး။ ၀ယ်တဲ့အသင်းအဖွဲ့တွေကလည်း တင်ဒါ အပေါ်အပြိုင်ဆွဲပြီး ၀ယ်သွင်းကြတာဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ်က တပ်အတွက် စပါးဝယ်တဲ့အဖွဲ့တွေက စပါး တင်း ၁၀၀ ကို ၃၀၀၀၀၀ိ ကျပ်နဲ့ဝယ်ပြီး၊ ၂၀၀၇ ခုနှစ်မှာတော့ ပြင်ပဈေးနဲ့အညီ ၃၀၀၀၀၀ိ ကနေ ၃၂၀၀၀၀ိ ထိပေးဝယ်နေတယ်လို့သတင်းရပါတယ်။ ကုန်သည်က ဈေးပိုပေးတယ်ဆိုတာကတော့ စပါးအရည် အသွေးအလိုက်ရယ် ၀ယ်တဲ့ဒေသနဲ့ ဈေးကွက်အနီးအဝေးအလိုက် ဈေးအနိမ့်အမြင့်ရှိ တဲ့ အပေါ်မှာ ဆွဲဝယ်တာမျိုးရှိတော့ ဈေးကွာခြားမှုအနည်းအများရှိမှာပေါ့။ ဈေးကွက်စီးပွားရေး၏ သဘောဖြစ်ပါတယ်။
- အစိုးရပိုင်းအနေနဲ့ ၂၀၀၆ ခုနှစ်မှာ တစ်တန်ကို အမေရိကန်ဒေါ်လာ ၂၅၀ နှုန်း၊ ဓါတ်မြေသြဇာ ဒေါ်လာ ၈၄ သန်းဖိုး သွင်းပေးတယ်။
- ရခိုင်မှ ဦးအောင်ခိုင်နှင့် BBC မေးဖြေရာမှာလည်း ဘင်္ဂလားဒေ့ရှ်ကိုဆန်တင်ပို့ရင် ထိခိုက်သလား။ မောင်းတောမြို့ဘက်မှာ ဆန်ဈေးက တစ်အိတ်ကို ၂၅၀၀၀ိ-၃၀၀၀၀ိ ကြားမှာရှိပြီး ဘင်္ဂလားဒေ့ရှ်ကို ဆန်တင်တာ ဘူးလေးရာဖရုံဆင့်ဆိုသလို မောင်းတောမှာရိက္ခာပြတ်ပြီး မိုးတွင်းမှာ ဒုက္ခများမယ်။ ဆင်းရဲတဲ့ လက်လုပ်လက်စားတွေလည်း အငတ်ဘေးကြုံနိုင်တယ်လို့ ပြောကြားသွားခဲ့ပါတယ်။
- ကိုယ့်ရပ်ကိုယ့်ဒေသကို ချစ်လို့ စိုးရိမ်လို့ပြောတာ သဘာဝကျပါတယ်။ မောင်တောမြို့ဟာ ရခိုင်ပြည်နယ် မှာ နယ်စပ်နဲ့နီးတဲ့ဒေသဖြစ်လို့ ကုန်သည်အ၀င်အထွက်များတယ်။ ဒေသထွက်နဲ့လုံလောက်မှုမရှိလို့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ခွင့်ပြုချက်နဲ့ တင်ပို့ခွင့်ပြုတယ်။ ဒီနှစ်တည်းမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံမယ် ရာသီဥတုကြောင့် စပါး၊ ဆန်ပျက်သွားတော့ ပိုစိုးရိမ်စရာဖြစ်သွားတာပေါ့ သို့ပေမဲ့ ရခိုင်မှာ ဆန်ဈေး တက်ရင် ပြည်မြို့ဘက်ကတင်ပို့ သလို ပြည်မြို့မှာဈေးတက်ရင် ရခိုင်ဘက်ကစီးသွားတာဘဲ။ ၂၀၀၇ ခုနှစ် တစ်နှစ်လုံးမှာ တစ်နိုင်ငံလုံးအနေနဲ့ ဆန်စပါးဈေးအချိုဆုံးက ရခိုင်ပြည်နယ်ဖြစ်ပါတယ်။ရခိုင်က ပိုလျှံဆန်ကို သင့်တင့်သလောက်သာ ဘင်္ဂလားဒေ့ရှ်ကို ပို့ခွင့်ပြုတာဖြစ်ပြီး အရင်ကလည်းပို့ခဲ့တယ်၊ ပြီးတော့ပိုသမျှအားလုံးပို့မှာမဟုတ်တော့ အငတ်ဘေးအတွက်တာကြောင့် မစိုးရိမ်ပါနဲ့လို့ ဦးအောင်ခိုင်ကို ပြောပါရစေ။
- တရုတ်နယ်စပ်မှကုန်သည်တစ်ဦးနဲ့ BBC တို့ မေးဖြေရာတွင်လည်း ကမ္ဘာမှာ ဆန်ဈေးကြီးလာရင်တရုတ် ပြည်က ဆန်ဈေးမတက်အောင် ကန့်သတ်တင်းကြပ်မှုပြုလုပ်တယ်။ စားသောက်ကုန်တွေကို၎င်းတို့ တံဆိပ်ကပ်ပါက ပုံမှန်ရောင်းချနိုင်တယ်။ တရုတ်ဆန်ကို မြန်မာဝယ်မစားဘူး ကန့်သတ်ပေမဲ့မြန်မာနဲ့ မဆိုင်ဘူး။ မြန်မာဘက်က ပြည်နယ်/တိုင်းကျော်မသယ်ရတော့ မြန်မာစားတဲ့ေ ပ်ါဆန်းကိုတရုတ် နယ်စပ်ကိုတင်ပို့တဲ့အခါ စစ်ဆေးမှုအပေါ်မူတည်ပြီး ပေါ်ဆန်းဈေးတက်တယ်တဲ့။
- တရုတ်နိုင်ငံဟာ ကမ္ဘာမှာလူဦးရေအများဆုံးရှိတာ့ကြောင့် စားသုံးမှုကို စနစ်တကျထိန်းချုပ်တာ မဆန်းပါဘူး။ တံဆိပ် ကပ်ပြီးလျှင်ပုံမှန်ရောင်းချတယ်ဆိုကာ ညှိနှိုင်းပြီးသား စိစစ်ပြီးသားဖြစ်တယ်လို့ဆိုလို ပါတယ်။ တရုတ်ဆန် မြန်မာ မစားဘူးဆို တရုတ်ဆန်က အထွက်တိုးဆန်ဆိုတော့ အရသာကဖွယ်တယ်။ ချက်ယင်အိုးတတ်တယ်။ အဆာခံတယ်။ တို့ရွှေမြန်မာတွေက ထမင်းဆိုဖွေးဖွေးလေးမှ၊ ချက်ရင်မွှေးမှ စားရင်အရသာရှိမှဆိုတော့ မြန်မာပြည်နဲ့မဆိုင်ဘူးဆိုတာမှန်ပါတယ်။ တိုင်း/ပြည်နယ်ကျော်ဆိုတာလည်း လိုအပ်ရင်လိုအပ် သလောက် ခွင့်ပြုပေးနေပါတယ်။ နယ်စပ်တွေမှာ စစ်ဆေးတယ်ဆိုတာကတော့ မစစ်ဆေးတဲ့နိုင်ငံရယ် ဒေသတွေမရှိပါဘူးဗျာ။
- ထိုင်းနိုင်ငံမှ ကိုကျော်သောင်းနှင့် BBC ကို အမေးအဖြေပြုရာတွင် ၁၉၆၀ ခုနှစ် သြဂုတ်လတုန်းက ဆန်အကြပ်အတည်းဖြစ်ခဲ့ကြတယ်။ ရခိုင်မှာဆန်ထွက်ပေမဲ့ တာဝန်ကျေစပါး၊ စေတနာစပါး တာတွေရှိလို့ ဆန်ရှားတယ်။ အစိုးရက တတ်ကျွမ်းသူတွေကို စံတင်ပြီး ပြည်သူသက်သာအောင်လုပ်ပေးလို့ဈေးတက် ရင်ကုန်သည်တွေကို ဖမ်းဆီးပြီး တောင်သူဆီမှာဈေးနှိမ်ဝယ်တာတွေရပ်ပြီး လွတ်လွတ်လပ်လပ်လုပ်ခွင့် ပေးသင့်တယ်တဲ့။
- အရင်ကတော့ဆိုရှယ်လစ်စနစ်နဲ့သွားတဲ့အခါ ရောင်းချတဲ့တောင်သူတွေကိုလည်း လစာနည်းတဲ့ဝန်ထမ်း တွေအတွက် သာသာအောင်လုပ်ပေးခဲ့တဲ့စနစ်တွေပေါ့။ လယ်သမားတွေဘက်ကလည်း တာဝန်သိသိ စေတနာရှိရှိရောင်းခဲ့ကြတာကိုဆိုလိုတာပါ။ သို့ပေမဲ့ဒီလိုအကြောင်းတွေကြောင့်ပဲ ၂၀၀၃ ခုနှစ်ကစပြီး ဆန်စပါးမူဝါဒသစ်ကို ပြောင်းလဲထုတ်ပြန်ပြီးတောင်သူတွေကို လွတ်လွတ်လပ်လပ်ရောင်းချခွင့်ပေးထား ခဲ့ပြီဘဲ။ ဒါတောင်စနစ်အကူးမှာ အစိုးရက စပါးမ၀ယ်လို့စပါးရောင်းဖို့နေရာမရှိပါဘူး။ စပါးကိုကုန်သည် တွေက ဈေးနှိမ်ဝယ်ပါတယ်ဆိုတဲ့ တိုင်ကြားချက်တွေရှိခဲ့ပါတယ်။ ဆန်ဆိုတာမြန်မာနိုင်ငံအတွက် Political Crop ပါ အစိုးရကိုယ်တိုင်လည်း သတိကြီးစွာထားရပါတယ်။
- အုတ်ဖိုကလယ်သမားကြီးတစ်ဦးကလည်း ဆန်ကသိပ်မရှားဘူး၊ မိုးတွင်းမှာဈေးကြီးမယ် ပြဿနာရင်ဆိုင် ရမယ်လို့ပြောကြားခဲ့တယ်။ မြန်မာနိုင်ငံမှာ နွေ၊ မိုးစပါးစိုက်ဧက သန်း ၂၀ လောက်က တစ်ဧက ပျှမ်းမျှအထွက် နှုန်းက ၇၂ တင်းနှုန်းနဲ့တွက်ရင်တောင် စုစုပေါင်းအထွက်တင်းပေါင်းက တင်း ၁၅ သန်း နီးပါးရှိတယ် နိုင်ငံလူဦးရေ ၅၆ သန်း ဆိုပါတော့ လူတစ်ဦးကို တစ်နှစ်ကို မြို့နေ၊ တောနေစားနှုန်း ပျှမ်းမျှ ၁၄ တင်း နဲ့တွက်ရင်တောင် စားဖို့ဆိုတာ စပါး ၈၀ တင်းနီးပါးပဲကုန်မှာ ပိုတဲ့အထဲက မျိုး၊ အလေအလွင့်တွေကို နုတ်ရင်တောင် စပါးတင်း သန်း ၆၀၀ နီးပါးကျန်မယ်။ အကြမ်းအားဖြင့် ဆန်တန် ၆ သန်းနီးပါးပိုတာပေါ့။ ပိုပေမဲ့လည်း အခုဆန် စပါးလုပ်ကိုင်နေကြတဲ့ကုန်သည်တွေက အမြတ်ကိုပဓာန မထားဘဲ ရှဥ့်လဲလျှောက် သာတဲ့ ပျားလည်းစွဲသာတဲ့ လမ်းကလေးကသွားရင် ဈေးကြီးပါဆိုတာတောင် ကြီးလို့မရပါဘူးတဲ့ဗျာ။
- မကွေးမှကုန်သည်က ဆန်ကိစ္စမြန်မာနဲ့မဆိုင်ကြောင်း၊ နယ်မကူးရ၊ ပြည်နယ်တိုင်းမကူးရဆို၍ ဆန်ဈေး တက်နိုင်ကြောင်း၊ စပါးတင်း ၁၂၀၀ သန်းထွက်ရာ လူတစ်ဦး ၆ တင်းနှုန်းစားပါက လူသန်း ၆၀ ဆိုပါက ၃၂၀ သန်း စားမည်ဖြစ်ကြောင်း၊ ၅၄၀ သန်းထွက်ရန်လျာထားကြောင်း၊ ပြည်နယ်ကျော်ပို့ပါက လာဒ်ထိုး ရကြောင်း လျှပ်စစ်မီးမရလို့ စက်သုံးဆီသုံးရလို့ ပိုဈေးတက်ခြင်းရှိကြောင်းပါတဲ့။
- ဒီအဖြေက အုတ်ဖိုလယ်သမားစိုးရိမ်တာနဲ့တူတာကြောင့် သီးခြားမပြောလိုတော့ပါဘူး။ တွက်ချက်မှုအရ ကိန်းဂဏန်းမှားနေတာကို ပြန်တွက်မနေတော့ပါဘူး။ ပါသွားပြီဘဲ။ လူတစ်ဦး ၆ တင်းနှုန်းဆိုတော့ လူတစ်ဦးအတွက် တစ်နေ့စာကိုတစ်ဝက်နီးပါးနဲ့ တွက်ထားတော့ဆန်ပြုတ်များသောက်နေသလား မေးရမလိုဖြစ်နေပါပြီ။ ဆန်နဲ့ဆန်ကွဲတွေဟာ မြန်မာတွေအတွက် ထမင်းအဖြစ်တင်မကဘူး မုန့်ပဲသရေစာတော်တော် များများဟာ ဆန်နဲ့လုပ်ပါတယ်။ နံနက်ဆိုရင် ထမင်းကျော်စားတယ်။ တစ်ချို့ထမင်း ၃ ထပ်စားတယ်။ အာဆီယံမှာတောင် တစ်ဦးကိုစားသုံးမှုနှုန်းဟာ ၁၉၅ ကီလိုဂရမ်ဆိုတော့ ဆန်အစားဆုံးလူမျိုးဖြစ်ပါတယ်။ တိုင်းကျော်ပြည်ကျော်ပို့ရင် လာဒ်ထိုးရတယ်ဆိုရင် သက်ဆိုင်ရာကို တိုင်ကြားဖို့ ၀န်ကြီးဌာနတွေ က သတင်းစာထဲမှာ ကြော်ငြာထားပါတယ်။ တိုင်ကြားသူကလည်း အဓိကမှန်ဖို့လိုပါမယ်။ လျှပ်စစ်မီး မရချိန်မှာ စက်ဆီသုံးတာကတော့ သစ်မရခင် ၀ါးဘောင်ကွပ်တာပေါ့၊ ရတော့မယ်လို့သတင်းကောင်း တွေကြားနေရသလို ကြိုးစားနေကြတာလည်း အသိအမှတ်ပြုပေးကြ ပါခင်ဗျား။
- ဦးရဲအောင်ဆိုသူနဲ့ဆွေးနွေးရာမှာ ပြည်ပမှာဈေးတက်နေကြောင်း ပို့ကုန်လိုင်စင်ထုတ်ပေးသူက ဘယ်လို စဉ်းစားလဲ ဒေါ်လာမျိုးမျိုးမြတ်မြတ်ရမည်ဟု စဉ်းစားကြပုံရှိကြောင်း၊ ပြည်တွင်းမှာရှားပါးမည့်လက္ခဏာ ဖြစ်ကြောင်း၊ ပြည်မြို့နယ်မှာ ဆန်ကိုဈေးနှုန်းသတ်မှတ်ပြီး ၀ယ်ရတယ်လို့ကြားကြောင်း ၀ယ်သူက ပြည်မြို့သူ အစိုးရအ၀ယ်တော် ဒေသအာဏာပိုင်တို့နှင့် ပေါင်းသည့်အုပ်စုနှင့် ရန်ကုန်ကကုမ္ပဏီနှင့် Export လုပ်ရန် ၀ယ်တဲ့အုပ်စုရှိ၍ ဆန်ဈေးတက်ရန်တာစူနေကြောင်း ပြည်သူလူထုအကျိုးထက် ပုဂ္ဂိုလ် ရေးရာလုပ်နေကြောင်းပါတဲ့။- ဦးရဲအောင်ကတော့ ပြည်ပဈေးတက်နေတာကိုလည်းသိသားဘဲ၊ ဈေးရတော့စပါးစိုက်သူတွေစိုက်စရိတ် လေးကြေပြီး အလှူအတန်းလုပ်ရတော့ ရောင်းဝယ်မှုလေးရှိတာတော့ ထုတ်လုပ်သူ၊ သယ်ပို့သူ၊ တင်ပို့သူ တွေနဲ့ပတ်ဝန်းကျင်ကလူတွေစိုပြေတာပေါ့ဗျာ။ ပြည်ပမှာတက်တဲ့ပစ္စည်းကို ပြည်တွင်းကပိုလျှံချိန်မှာ ရောင်းတော့ဈေးရတာပေါ့ဗျာ။ ဒေါ်လာလေးမျိုးမျိုးမြတ်မြတ်ရတော့လဲ ဆန်စက်ကောင်း ကောင်းလေးလည်း ဒါမှမဟုတ် ကားကောင်းကောင်းလေးဝယ်စီး၊ ဒါမှမဟုတ်ဆွေမျိုးမိသားစုတွေထဲက အရည်အချင်းရှိသူလေးကို ခေတ်မီနည်းပညာတွေ သွားသင်ခိုင်းမယ်ဗျာ မကောင်းဘူးလား။ ပြည်တွင်း မှာတော့ မတက်တော့တဲ့သင့်အခြေအနေထိ မတက်မဖြစ်အောင် ဆန်တင်ပို့သူတွေကတင်မကဘူး။ အစိုးရပိုင်းကနေ အမြဲတန်းသတိနေတဲ့ပုံဘဲ။ ဆန်ဈေးတက်ဖို့တာစူလို့မရဘူးဆိုတာကို မယုံရင် တင်ပို့သူတွေကိုမေးကြည့်ပါ။ သူတို့ကိုယ်တိုင်က ဈေးတက်မှာကြောက်နေတာပါ။ ပြည်သူအကျိုးထက် ပုဂ္ဂိုလ်ရေးရာဆိုတာတော့ဗျာ အခု ဦးရဲအောင် ပြည်သူတွေအတွက် ဘာလုပ်နေပါသလဲ။